Pages

Wednesday, March 22, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ 
တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Hong Liang အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၂၂-၃-၂၀၁၇

လက်နက်ကိုင် ပဋိပက္ခရှိနေသည့် နိုင်ငံများသည် ချို့တဲ့ကြပြီး မချမ်းသာနိုင်ကြောင်း၊ စစ်ဖြစ်ပွားခြင်းသည် တိုင်းပြည်အတွက် ဆုံးရှုံးမှုများသာ ဖြစ်၍ မိမိတို့အနေဖြင့် တိုက်ပွဲများကို အတတ်နိုင်ဆုံး ရှောင်ရှားကြောင်း၊ မြန်မာနှင့် တရုတ်တို့သည် မဟာဗျူဟာ မိတ်ဖက်နိုင်ငံများ ဖြစ်၍ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ရပ်တည်လုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့နံနက် ၉ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Mr. Hong Liang အား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ တက်ရောက်ကြပြီး သံအမတ်ကြီးနှင့် အတူ စစ်သံမှူး Senior Colonel Xiong Shaowei နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လောက်ကိုင်ဒေသ ၏ နောက်ခံ သမိုင်းကြောင်းနှင့် ၂ဝ၁၅ ခုနှစ်၊ ၂ဝ၁၆ ခုနှစ်၊ ၂ဝ၁၇ ခုနှစ်များအတွင်း အကြမ်းဖက် သောင်းကျန်းသူများက အရှေ့မြောက် နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှု များကို စတင်လုပ်ဆောင် ခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများကို ငြင်းပယ်၍ စစ်ရေးနည်းလမ်း ကိုသာ ရွေးချယ် လုပ်ဆောင်ခဲ့မှုများ၊ တိုက်ပွဲများကြောင့် တပ်မတော်သားများ စွန့်လွှတ်ပေးဆပ် ရမှုများရှိပြီး ၄င်းတို့လည်း ထိခိုက်ကျဆုံးမှု များစွာရှိကြောင်း၊ ဒေသခံပြည်သူ များလည်း နစ်နာမှုရှိပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ဆက်ဆံရေးကိုပါ ထိခိုက်စေ ခြင်းကြောင့် မည်သည့်အကျိုးမျှ မရှိသည့် အခြေအနေများနှင့် နှစ်နိုင်ငံနယ်စပ် ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် ၄င်းတို့ စစ်ရေးအရ အခြေအနေ ဖန်တီးနိုင်ခွင့် မရှိစေရန် ပူးပေါင်းဆောင်ရွက်ရေး တို့အား ဆွေးနွေး ပြောကြားသည်။

ဆက်လက်ပြီး သံအမတ်ကြီးက မြန်မာ-တရုတ်နယ်စပ် ကိစ္စရပ်များကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း မှုကို ထိခိုက်စေမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် ပါဝင်ညှိနှိုင်း ဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းပြောကြား၍ လက်ရှိ လောက်ကိုင်ဒေသ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြေပြင်တွင် အမှန်တကယ် ဖြစ်ပျက်နေမှု အခြေအနေများ၊ နှစ်ဦးနှစ်ဖက် လုပ်ဆောင်နေမှု အခြေအနေများ၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment