Pages

Thursday, March 30, 2017

စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို တိုးမြင့်လုပ်ဆောင်ခြင်းဖြင့် ပြည်သူလူထု၏ စားသောက်ရေးအတွက် ကူညီဆောင်ရွက်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား 
ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးက ရန်ကုန်တိုင်းစစ်ဌာနချုပ် 
စိုက်ပျိုးမွေးမြူရေးစခန်း များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Green House များဖြင့် 
စိုက်ပျိုးထားရှိသည့် စိုက်ပျိုးရေးခြံများအား လှည့်လည်ကြည့်ရှုစဉ်။

နေပြည်တော် ၊ ၃၀-၃-၂၀၁၇

တပ်မတော်သည် တိုင်းပြည်အတွက်၊ ပြည်သူ့အတွက် ဖြစ်ရမည် ဆိုသည့် ခံယူချက် နှင့်အညီ မိမိတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင် ခြင်းဖြင့် ပြည်သူလူထု ၏စားသောက်ရေး အတွက်ကူညီ လုပ်ဆောင်ပေး ရမည်ဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု များအတွက် သာမက ရန်ကုန်မြို့နေ လူထုအတွက်ပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် အမှတ်(၁) စိုက်ပျိုးမွေးမြူရေး စခန်း(စော်ဘွားကြီးကုန်း) သို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် ထည့်သွင်းပြော ကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် အမှတ်(၁) စိုက်ပျိုးမွေးမြူရေးစခန်း (စော်ဘွားကြီးကုန်း)အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ရှင်းလင်းဆောင်တွင် ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူးက စိုက်ပျိုးမွေးမြူရေး စခန်းများတွင် ခေတ်မီအအေးပေး စနစ်ဖြင့်Novogen Brown ဥစားကြက်နှင့် အသားတိုးကြက်များ မွေးမြူထားရှိမှု၊ DYL ဝက်များ မွေးမြူထားရှိ မှု၊ နို့စားနွားများ မွေးမြူထားရှိမှု၊ ငါးကန်များတွင် ငါးအမျိုးအစားအလိုက် ရေပေါ်လွှာ၊ ရေလယ်လွှာနှင့် ရေအောက်လွှာခွဲခြား၍ စနစ်တကျ မွေးမြူထားရှိမှု၊ ငွေနှင်းမှိုနှင့် ငှက်ပျောခြံများ စိုက်ပျိုးထားရှိမှု၊ တစ်နှစ်ပတ်လုံး Green House ဖြင့် ရာသီသီးနှံများ စဉ်ဆက်မပြတ် စိုက်ပျိုးထားရှိမှု အခြေအနေများ၊ စိုက်ပျိုးမွေးမြူရေး စခန်းများမှ ထွက်ရှိလာသော အသားငါးနှင့် ဟင်းသီးဟင်းရွက် များအား တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊စစ်သည်၊ မိသားစုများကို သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးနိုင်မှု၊ စော်ဘွားကြီးကုန်းရှိ တိုင်းရွှေဂုံအမှတ် (၁) ဆိုင်နှင့် ဘောက်ထော်ရှိ တိုင်းရွှေဂုံအမှတ် (၂) ဆိုင်များတွင် ဝန်ထမ်းများနှင့် ပြည်သူများကိုပါ သက်သာစွာ ရောင်းချပေးနိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှု အပေါ်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ အချိန်ယူ လုပ်ဆောင်ခဲ့သည့် နည်းစနစ်ကျနစွာ သရုပ်ပြ စိုက်ပျိုးမှုမှသည် အမြောက်အမြား  ထုတ်လုပ်မှု ပုံစံသို့ စနစ်တကျ ကူးပြောင်းလုပ် ဆောင်ကြရမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင်လည်း လူအများစုစားသောက် နေကြသည့်ခရမ်း၊ မုန်လာ၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်း စသည့် အမျိုးအမယ်များကို ဦးစားပေး စိုက်ပျိုးပြီး ထုတ်လုပ်မှု ပမာဏတိုးမြှင့်ကြ ရမည်ဖြစ်ကြောင်း၊ မြေနေရာသည် များစွာတန်ဖိုး ရှိသောကြောင့် မြေနေရာ လပ်မကျန် စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ Green House များတွင်လည်း စိုက်ပျိုးပင် အမျိုးအစားပေါ် မူတည်၍ အလွှာ လိုက်၊ အဆင့်လိုက် ထပ်၍စိုက်ပျိုး ခြင်းဖြင့် မြေနေရာ ခြိုးခြံချွေတာမှုသာမက ရေသုံးစွဲမှု အတွက်ပါ များစွာအကျိုးရှိ စေကြောင်း၊ လုပ်သားအင်အား များစွာမလိုအပ် သည့်ဒန့်သလွန်၊ ငှက်ပျော ကဲ့သို့သော သီးနှံပင်များ စိုက်ပျိုးရေးများ ကိုလည်း စဉ်းစားလုပ်ဆောင် ရန်လိုကြောင်း၊ တပ်ဌာနချုပ်များတွင် ရာသီဥတု ကိုထိန်းသိမ်းနိုင်ပြီး သဘာဝဘေး အန္တရာယ်ကာကွယ် နိုင်သည့် အရိပ်ရ လေကာပင် များကိုပါ စိုက်ပျိုးကြရမည် ဖြစ်ကြောင်း၊ တပ်ပိုင်စိုက် ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမြတ်အစွန်းကို အဓိကမထားဘဲ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ စားသောက်ရေး လိုအပ်ချက်အား ရာခိုင်နှုန်းပြည့် လုံလောက်စွာ ထုတ်လုပ်ပေး နိုင်ရေး၊ အငြိမ်းစား တပ်မတော်သားများ၊ ပင်စင်စားများ အတွက်ပါ ထည့်သွင်းစဉ်းစား လုပ်ဆောင်ရေး၊ နယ်မြေခံ ပြည်သူလူ ထုကိုလည်း သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး နိုင်ရေး၊ အထူးသဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများ၊ အခြေခံလူတန်းစား များ၏ သက်သာချောင်ချိ မှုအတွက် တစ်ဖက်တစ်လမ်း မှဖြည့်ဆည်းပေး နိုင်ရေးရည်မှန်း ချက်ထားပြီး ကြိုးစားဆောင် ရွက်ကြရန် မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် စိုက်ပျိုးမွေးမြူရေး စခန်းအတွင်းရှိ ခေတ်မီ အအေးပေး စနစ်ဖြင့် Novogen Brown ဥစားကြက်များ မွေးမြူထားရှိမှု အခြေအနေများ အားလိုက်လံ ကြည့်ရှုသည်။ အဆိုပါကြက် ခြံအတွင်း Novogen Brown ဥစားကြက် ကောင်ရေ ၁ဝဝဝဝ အား မွေးမြူထားရှိပြီး ဥသက် ၄ ပတ်အတွင်း ဥနှုန်း ၉၅ ရာခိုင်နှုန်း ရရှိနေပြီး ဖြစ်ကြောင်း သိရှိရသည်။ 

ဆက်လက်ပြီး အောင်မြင်ဖြစ်ထွန်း လျက်ရှိသည့် Green Hause များဖြင့် စိုက်ပျိုးထား ရှိသည့် ကိုက်လန်၊ မုန်ညင်း၊ ပန်းဂေါ်ဖီ စိုက်ပျိုးရေးခြံများ အားလှည့်လည် ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ စိုက်ပျိုးမွေးမြူ ရေးစခန်းများမှ ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းကြက် သားပေါက် ၇၆ဝဝဝဝ ကျော်၊ ဝက်သားပေါက် ၅၉၅ ကောင်၊ ကြက်သား ၁၄၉ဝ၂၄၇ ပိဿာ၊ ဝက်သား ၂ဝ၁၈၈၄ ပိဿာ၊ ဆိတ်သား ၄၇၃၅ ပိဿာ၊ အမဲသား ၂၇၃ဝ၈ ပိဿာ၊ ဘဲသား ၉၆၁၂ ပိဿာ၊ ငါး ၄၅၁၂၂ဝ ပိဿာ၊ ဘဲဥ ၁၁၂၅၈၇ဝ လုံး၊ ကြက်ဥ ၂၂ဝ၂၆၈၂၄ လုံး၊ နွားနို့ ၁၃၈၉၂၁ ပိဿာ ထုတ်လုပ်နိုင်  ခဲ့ပြီး သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များ၏ ရိက္ခာစို ပေးသွင်းခြင်းနှင့် တပ်မိသားစုများ သာမက ပြင်ပသို့ပါ သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment