Pages

Thursday, March 23, 2017

ဧပြီလဆန်းပိုင်းမှစတင်၍ တောင်သူလယ်သမားအာမခံ ပြန်လည် ဆောင်ရွက်ပေးမည်



ရန်ကုန် ၊ ၂၃-၃-၂၀၁၇

မြန်မာ့အာမခံ လုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီ ၁၁ ခုတို့ပူးပေါင်း၍ ယခုနှစ် ဧပြီလဆန်းပိုင်းမှ စတင်ကာ နှစ်ပေါင်း ၃ဝ နီးပါး ရပ်ဆိုင်းထားသော တောင်သူ လယ်သမား အာမခံကို ပြန်လည် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။

တောင်သူလယ်သမား အာမခံမှာ ၁၉၈ဝ ပြည့်နှစ်မှ စတင်သည့် အာမခံ အမျိုးအစားဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် တောင်သူ လယ်သမား အစည်းအရုံး ဖျက်သိမ်းလိုက် သောကြောင့် ရပ်နားခဲ့ရသည်။ ယခုစတင်မည့် တောင်သူ လယ်သမား အာမခံတွင် အသက် ၆၅ နှစ်မကျော်သည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသော မည်သည့် တောင်သူ လယ်သမားမဆို အာမခံထားရှိ နိုင်မည်ဖြစ်သည်။

''အာမခံကြေးကို ဘယ်လို သတ်မှတ်မလဲ ဆိုတာ မတ်လကုန်ပိုင်း လောက် တရားဝင် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ ကန့်သတ်မှု ဘာမှမရှိသလို စစ်ဆေးစရာ လည်း မလိုပါဘူး။ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်တွေမှာရှိတဲ့ အာမခံ ကိုယ်စားလှယ်တွေ ကနေတစ်ဆင့် ကျယ်ပြန့်စွာ ရောင်းချပေး သွားမှာပါ။ တောင်သူလယ်သမား အာမခံက စုပေါင်း အသက်အာမခံနဲ့ ပုံစံတူပါတယ်'' ဟု မြန်မာ့ အာမခံလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးခင်မောင်ဝင်း က ပြောသည်။

ယင်းကဲ့သို့ တောင်သူလယ်သမား အာမခံ ထားရှိရခြင်းမှာ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ကျန်ရစ်သော မိသားစုများ အနေဖြင့် တောင်သူလယ်သမား အာမခံမှ ရရှိသည့် လျော်ကြေးငွေနှင့် ရင်းနှီးလုပ်ကိုင် သွားနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ မြန်မာ့အာမခံ လုပ်ငန်းအနေဖြင့် အာမခံ အမျိုးအစားပေါင်း ၄၆ မျိုးခန့် ရှိသော်လည်း လက်ရှိ အာမခံထားရှိမှု များတွင် မီးအာမခံမှာ အများဆုံးဖြစ်ပြီး အသက်အာမခံ ထားရှိမှုမှာ အနည်းဆုံး ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment