Pages

Tuesday, February 7, 2017

Landmark စီမံကိန်းအတွက် ဘတ်ဂျက်လိုအပ်ပါက FMI မှ ရှယ်ယာသစ် ထုတ်ရောင်းမည်


ရန်ကုန် ၊ ၇-၂-၂၀၁၇

ရန်ကုန်စတော့အိတ်ချိန်း တွင် လက်ရှိရှယ်ယာ အရောင်းအဝယ် ပြုလုပ်လျက်ရှိသည့် First Myanmar Investment (FMI) ကုမ္ပဏီ အနေဖြင့် နိုင်ငံခြားမိတ်ဖက် အဖွဲ့အစည်း များနှင့် ပူးပေါင်း တည်ဆောက်မည့် Landmark စီမံကိန်းအတွက် ဘတ်ဂျက်လိုအပ်မှု ရှိလာပါက ရှယ်ယာသစ်များကို ထုတ်ရောင်း သွားမည်ဖြစ်ကြောင်း First Myanmar Investment ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေ ထံမှ သိရသည်။

Landmark Development စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၆ဝဝ ရင်းနှီးမြှုပ်နှံကာ တည်ဆောက် သွားမည်ဖြစ်ပြီး ကုမ္ပဏီများ၏ ရှယ်ယာထည့်ဝင်မှု များအဖြစ် FMI မှ ၁၂ ရာခိုင်နှုန်း၊ ရိုးမကုမ္ပဏီမှ ၄၈ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီနှစ်ခု ဖြစ်သည့် Mitsubishi ကော်ပိုရေးရှင်းနှင့် Mitsubishi Estate ကုမ္ပဏီတို့မှ ၃ဝ ရာခိုင်နှုန်း၊ နိုင်ငံတကာ အဖွဲ့အစည်း နှစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) နှင့် အာရှဖွံ့ဖြိုရေးဘဏ် (ADB) တို့မှ ၅ ရာခိုင်နှုန်းစီ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ 

''ရှယ်ယာသစ် ထုတ်ရောင်းမယ့် နေ့ရယ်၊ ရှယ်ယာအရေအတွက် ဘယ်လောက်ဆိုတာ ရယ်တော့ မဆုံးဖြတ်ရသေး ပါဘူး'' ဟု ဦးသိမ်းဝေ က ပြောသည်။

အဆိုပါ Landmark စီမံကိန်းတွင် အဆင့်မြင့်အိမ်ရာ စီမံကိန်းများ ၊ စီးပွားရေး လုပ်ငန်းသုံး Office Tower များနှင့် ဈေးဝယ်စင်တာများ ပါဝင်မည်ဖြစ်ပြီး ယင်းစီမံကိန်းကို မြန်မာ့မီးရထား ရုံးချုပ်နှင့် FMI ရုံးချုပ်နေရာတို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment