Pages

Tuesday, February 7, 2017

၂၀၁၇ ခုနှစ်အတွက် ဧရာဝတီလင်းပိုင် သုတေသနပြု စစ်တမ်းကောက်ယူမှု စတင်



ဗန်းမော် ၊ ၇-၂-၂၀၁၇

မန္တလေး-ဗန်းမော် ဧရာဝတီလင်းပိုင် သုတေသနပြု ခရီးစဉ်အဖြစ် ဧရာဝတီလင်းပိုင် ရေယာဉ်အမှတ် (၀၀၁)ဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် မန္တလေးမြို့၊ မရမ်းခြံ ဆိပ်ကမ်းမှ စတင်ထွက်ခွာ ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်သည် နှစ်စဉ် ဖေဖော်ဝါရီလတွင် ပုံမှန်စစ်တမ်း ကောက်ယူနေကျ ခရီးရှည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ဧရာဝတီလင်းပိုင် ရေယာဉ်အမှတ် (၀၀၁)၊ ရေယာဉ်အသစ်ဖြင့် ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS)တို့က စစ်တမ်း ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။ 

“နှစ်စဉ် ခရီးရှည်ကို တစ်နှစ်မှာ တစ်ခေါက် ဆောင်ရွက်တယ်။ ထိန်းသိမ်းမူ ဧရိယာအတွင်းက တစ်လနှစ်ကြိမ် ဆောင်ရွက်တယ်။ ဖေဖော်ဝါရီ လပိုင်းမှာတော့ ခရီးရှည်ပေါ့။ မန္တလေးကနေ ဗန်းမော်အထိ၊ အဓိက ကတော့ ဧရာဝတီလင်းပိုင် ဘယ်လောက် ရှိလဲဆိုတာ နှစ်စဉ်စစ်တမ်း ကောက်တဲ့ သဘောပါ။ ခရီးက ၁၀ ရက်ကြာမှာပါ။” ဟု မန္တလေးတိုင်း ငါးလုပ်ငန်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး က ပြောသည်။

ယခင်နှစ်များတွင်  ရေယာဉ် အဟောင်းဖြင့် စစ်တမ်း ကောက်ယူခြင်းနှင့် မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများ တွင် ပညာပေးခြင်းများ လုပ်ဆောင်ခဲ့ရာ ၂၀၁၇ ခုနှစ်တွင် အဆင့်မြင့် ရေယာဉ်ကို ကျပ်ငွေသိန်း ၃၅၀ ဖြင့် တည်ဆောက်ခဲ့ပြီး စစ်တမ်းကောက်ယူ ရာတွင် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ပိုမို တက်တက်ကြွကြွနဲ့ ဧရာဝတီလင်းပိုင် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ လင်း ပိုင် အကောင် ဘယ်လောက် ရှိတယ်။ သူတို့ပြန့်နှံ့ နေထိုင်တဲ့ မြစ်ကြောင်း အတွင်းမှာ အခက်အခဲ ဘယ်လိုကြုံတွေ့ နေရတယ်။ ဘယ်လိုနေထိုင် ရတယ်။ အကောင် အရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာ တစ်နှစ်တစ်ခေါက် စူးစမ်းလေ့လာ ပြီးတော့ အကောင်ရေ စာရင်း ပြန်ကောက်တာ ဖြစ်ပါတယ်။”ဟု WCS မှ Freshwater & Marine Conservation Coordinator ဖြစ်သူ ဦးမြသန်းထွန်း ကပြောသည်။

ဧရာဝတီမြစ် အတွင်း မန္တလေးနှင့် ဗန်းမော်အကြား နှစ်စဉ်လေ့လာ တွေ့ရှိရသည့် ဧရာဝတီလင်းပိုင် စာရင်းမှာ ၂၀၁၂ ခုနှစ်တွင် (၆၇)ကောင်၊ ၂၀၁၃ ခုနှစ်တွင် (၅၁)ကောင်၊ ၂၀၁၄ ခုနှစ်တွင် (၆၃)ကောင်၊ ၂၀၁၅ ခုနှစ်တွင် (၅၈) ကောင်၊ ၂၀၁၆ ခုနှစ်တွင် (၆၅)ကောင် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment