Pages

Wednesday, February 1, 2017

ထရမ့်ပ်၏ခရီးသွားခွင့် ပိတ်ပင်တားဆီးမှုအပေါ် ကမ္ဘာ့ခေါင်းဆောင်ကြီးများ၏ တုံ့ပြန်သံများ


TRUMP DEFENDS EXECUTIVE ORDER AMID WIDESPREAD PROTESTS, 
SAYS IT IS 'NOT A MUSLIM BAN'

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က မွတ်စလင်လူမျိုး အများစုနေထိုင် ကြတဲ့နိုင်ငံ ၇ နိုင်ငံကို အမေရိကန် ပြည်ထောင်စုထဲ ပြည်ဝင်ခွင့် ယာယီပိတ်ပင် လိုက်တဲ့အပေါ် ကမ္ဘာ့ ခေါင်းဆောင်ကြီး တွေနဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီး တွေက သဘောထား ကွဲစေကြောင်း၊ ဥပဒေနဲ့ မညီညွှတ်ကြောင်း၊ စော်ကားရာ ရောက်ကြောင်းနဲ့  ခွဲခြားဆက်ဆံရာ ရောက်ကြောင်း ဝေဖန်တုံ့ပြန် လိုက်ပါတယ်။ 

ဆီးရီးယား၊ အီရတ်၊ အီရန်၊ ယီမင်၊ လစ်ဗျား၊ ဆိုမားလီးယား နဲ့  ဆူဒန် နိုင်ငံသားတွေကို အမေရိကန် ပြည်ထောင်စုထဲ ၀င်ရောက်ခွင့် ရက် ၉၀ ပိတ်ပင်တားမြစ်ပြီး ဒုက္ခသည်များ အားလုံး ၀င်ရောက်ခွင့် ကိုလည်း ရက်ပေါင်း ၁၂၀ ပိတ်ပင်ကြောင်း နဲ့  ဆီးရီးယားကနေ ထွက်ပြေးလာကြ သူများကိုတော့ ပြည်ဝင်ခွင့်ကို အကန့် အသတ် မရှိ ပိတ်ပင်လိုက်ကြောင်း အထူးအမိန့် ကို ထရမ့်ပ် က ဇန်န၀ါရီ ၂၇ မှာ လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ 

ထရမ့်ပ်ရဲ့ အဲဒီပိတ်ပင်မှုကို နိုင်ငံအများက ပြင်းထန်စွာ ဝေဖန်ရှုတ်ချ ခဲ့ပေမယ့် အမည်ပျက် စာရင်းထဲမပါတဲ့ မွတ်စလင်နိုင်ငံ တွေက ပါကစ္စတန်က လွဲရင် ထူးထူးခြားခြား နှုတ်ဆိတ်နေခဲ့ ပါတယ်။ အမေရိကန်ကို  ထောက်ခံတဲ့ နိုင်ငံ အနည်းငယ်ထဲ မှာတော့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ မူဝါတွေချမှတ် ခဲ့တဲ့ သြစတြေးလျ ပါဝင်ခဲ့ပါတယ်။ အခြားသော ကမ္ဘာ့နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ ကတော့ အောက်ပါ အတိုင်း ပြောပါတယ်။ 

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန။ ထရမ့်ပ်ရဲ့ လူဝင်မှုကြီးကြပ်ရေး အမိန့် က စော်ကားရာ ရောက်ပြီး အစွန်းရောက်သူ တွေအတွက် လက်ဆောင် တစ်ခုပါ။ အမေရိကန် အစိုးရရဲ့  အီရန်နိုင်ငံသား တွေအပေါ် စော်ကားရာ ရောက်တဲ့ ကန့်သတ် မှုတွေကို မဖယ်ရှားပေး မချင်း အီရန်နိုင်ငံသား တွေရဲ့ အခွင့်အရေး ကို ကာကွယ် စောင့်ရှောက်ဖို့  တန်ပြန် တုံ့ပြန် သွားပါမယ်။ 

အီရတ် နိုင်ငံခြားရေးဝန်ကြီးဌာန ။ အခုလို ပိတ်ပင်တားမြစ်ခြင်း ခံရတဲ့အတွက် အံ့သြ၀မ်းနည်း ရပါတယ်။ ISIS ကိုလက်တွဲ တိုက်ခိုက်နေတဲ့ နှစ်နိုင်ငံကြားမှာ ဒီလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ကံမကောင်း တာပါပဲ။ အမေရိကန် အစိုးရအဖွဲ့ သစ် က ဒီမှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်ဖို့ လိုအပ်ပါတယ်။ အီရတ် အနေနဲ့  နှစ်နိုင်ငံအကြား မဟာဗျူဟာ မြောက်တဲ့ လက်တွဲမှုကို ခိုင်မာအောင် တည်ဆောက်ပြီး အကြမ်းဖက် ၀ါဒ တိုက်ဖျက်ရေး နဲ့  စီးပွားရေး အ၀န်းအ၀ိုင်းတွေမှာ ပေါင်းစပ် ဆောင်ရွက်လိုတဲ့ ဆန္ဒရှိတယ် ဆိုတာ ကိုလည်း ထပ်လောင်း အတည်ပြု ပါတယ်။ 

ဆူဒန် နိုင်ငံခြားရေးဝန်ကြီးဌာန ။ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေကြတဲ့ ဆူဒန်နိုင်ငံသား တွေကို နာမည်ကောင်းနဲ့ သိကြပါတယ်။ သူတို့ ဟာ အမေရိကန် တရားဥပဒေကို လိုက်နာကြ သလို အစွန်းရောက် တဲ့ လုပ်ရပ်တွေနဲ့ ပြစ်မှုကျူးလွန်မှု တွေမှာ ပါဝင်ပတ်သက် ခဲ့ခြင်းလည်း မရှိပါဘူး။ ဆူဒန်လူမျိုး တွေဟာ ရှေးဟောင်း နိုင်းမြစ်ယဉ်ကျေးမှုရဲ့ အမွေဆက်ခံလာသူ တွေဖြစ်တဲ့ အလျောက် သည်းခံစိတ် ရှိကြပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုစိတ် ရှိကြပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့  ဆူဒန်နိုင်ငံကို အကြမ်းဖက်သမား များအား ထောက်ပံ့နေသော နိုင်ငံများ အမည်စာရင်းကနေ ပယ်ဖျက်ပေးဖို့ တောင်းဆို ပါတယ်။

ယီမင် နိုင်ငံခြားရေးဝန်ကြီးဌာန ။ ဒီပိတ်ပင်မှုဟာ တရားမျှတမှု မရှိပါဘူး။ အကြမ်းဖက်သမား တွေအတွက် ပိုကောင်းသွား နိုင်ပြီး လူတွေကို စိတ်ဝမ်းကွဲ စေပါတယ်။ ယီမင်နိုင်ငံသား တွေကို အကြမ်းဖက်မှုရဲ့ အရင်း အမြစ် ဖြစ်နိုင်တယ်လို့  ခွဲခြား သတ်မှတ်ဖို့ ကြိုးစားတာနဲ့ တူညီနေတဲ့ အတွက် ဒါဟာ တရားမ၀င်သလို မျှတမှုလည်း မရှိပါဘူး။ 

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာန ။  စိတ်ဝမ်းကွဲပြားစေမယ့် မှားယွင်းတဲ့ လုပ်ရပ်ပါလို့ ပြောခဲ့သလို လန်ဒန် မြို့ တော်ဝန် ကလည်း ရှက်စရာကောင်းပြီး ရက်စက်တဲ့ လုပ်ရပ်လို့  ဝေဖန်ခဲ့ပါတယ်။ ထရမ့်ပ် ကိုပထမဆုံး လက်ခံတွေ့ ဆုံခဲ့တဲ့ နိုင်ငံခေါင်းဆောင် ဟာ ဗြိတိန်ဝန်ကြီးချုပ် သရီစာမေ ဖြစ်ပါတယ်။ အဲဒီ ဇန်န၀ါရီ ၂၇ ကပဲ မေနဲ့ ထရမ့်ပ် တွေ့ ဆုံပြီး နှစ်နိုင်ငံအကြား အထူးဆက်ဆံရေး တစ်ရပ် ဖော်ဆောင် နိုင်ခဲ့ခြင်းကို ဆင်နွှဲခဲ့ပါ တယ်။ အဲဒါပြီးနောက် နာရီပိုင်းအကြာ မှာပဲ ထရမ့်ပ်က သူ့ အထူးအမိန့် ကိုလက်မှတ်ရေးထိုး ခဲ့တာပါ။ သရီစာမေ တစ်ယောက် လွှတ်တော်ထဲမှာ ဖိအားတွေနဲ့ ကြုံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဗြိတိန်အနေနဲ့  သဘောတူညီ ထားတဲ့ကိစ္စ မဟုတ်ကြောင်း၊ အဲဒါဟာ အမေရိကန် ပြည်ထောင်စုနဲ့ ပဲ ဆိုင်တဲ့ကိစ္စ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ရပါတယ်။ ထရမ့်ပ် တစ်ယောက် UK ကို လာရောက် လည်ပတ်မယ့် ကိစ္စကို ဖျက်သိမ်းပေးဖို့  UK အစိုးရနဲ့ ပါလီမန် အင်တာနက် စာမျက်နှာမှာ အသနားခံ တောင်းဆိုနေကြသူ ဦးရေသည်လည်း အယောက် တစ်သန်း ကျော်သွားပြီ ဖြစ်ပါတယ်။ 

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာန ။ ဒုက္ခသည်တွေကို ကြိုဆိုလက်ခံတာဟာ စုစည်းညီညွှတ်ခြင်း အတွက် တာဝန်တစ်ရပ် ဖြစ်ပါတယ်။ အကြမ်းဖက်မှုမှာ လူမျိုးရေးမရှိပါဘူး။ ခွဲခြားဆက်ဆံ လိုက်တာဟာ အဖြေ မဟုတ်ပါဘူး။ 

ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာန ။ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာမှာ လူတွေရဲ့ ယုံကြည် သက်ဝင်မှုအပေါ် အခြေခံပြီး သံသယထား ဆက်ဆံနေမယ်ဆိုရင် နည်းလမ်းမကျ သေးပါဘူး။ မွတ်စလင်လူမျိုး ကိုပဲဖြစ်ဖြစ်၊ အခြားလူမျိုး ကိုပဲဖြစ်ဖြစ်၊ သူတို့ ရဲ့ ကိုးကွယ် ယုံကြည်မှုကြောင့် အခုလို ခွဲခြားဆက်ဆံတာ မဖြစ်သင့်ပါဘူး။ ဒီလုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များ ထောက်ပံ့ကူညီရေး နဲ့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ အချက်အလက် တွေနဲ့ ဆန့် ကျင် နေပါတယ်။ 

တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာန ။ ဒုက္ခသည်တွေကို ကြိုဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုက လက်သင့် မခံဘူးလို့ ဆိုတဲ့ ကမ္ဘာတစ်ဝန်းက ပါရမီရှင်တွေ တူရကီကို လာခဲ့ကြပါ။ ကနေဒါဝန်ကြီးချုပ် ကလည်း ဒုက္ခသည်တွေကို ကြိုဆိုလက်ခံဖို့ အရေးကြီးကြောင်း၊ တရားစွဲဆို အပြစ်ပေးခံရ မှာကို ကြောက်နေရသူတွေ၊ အကြမ်းဖက်မှု အန္တရာယ်နဲ့ စစ်မက်ဖြစ်ပွားမှု တွေကြောင့် နေစရာနေရာ မရှိသူ တွေကို ကနေဒါက ကြိုဆိုပါတယ်လို့  ပြောပါတယ်။ 

ပါကစ္စတန် နိုင်ငံဟာ မွတ်စလင်နိုင်ငံ ဖြစ်ပေမယ့် ထရမ့်ပ်ရဲ့ အမည်ပျက်စာရင်း ထဲမှာမပါပါဘူး။ ဒါပေမယ့် ထရမ့်ရဲ့ ပိတ်ပင်မှုကိုတော့ ပြည်ထဲရေးဝန်ကြီးက ရှုတ်ချလိုက်ပြီး အကြမ်းဖက်သမား တွေအပေါ် အကျိုး သက်ရောက်မှာ မဟုတ်ကြောင်း၊ အကြမ်းဖက် တိုက်ခိုက်ခံနေရသူ တွေကိုသာ ပိုလို့ တောင် ဒုက္ခရောက်စေ မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

အခုအချိန်အထိမှာ ထရမ့်ပ်ရဲ့ လုပ်ရပ်ကို ထောက်ခံတဲ့နိုင်ငံ နှစ်နေိုင်ငံပဲ တွေ့ ပါသေးတယ်။ သြစတြေးလျနဲ့  ဆော်ဒီအာရေဗျ ပါ။ သြစတြေးလျ ၀န်ကြီးချုပ်က ကိုယ့်နိုင်ငံနယ်စပ်ကို ဘယ်သူ ဖြတ်ကျော်ခွင့် ရှိတယ် ဆိုတာ နိုင်ငံတိုင်းက ထိန်းချုပ်ဖို့ လိုအပ်ပါတယ်လို့ ပြောလိုက်ပြီး ထရမ့်ပ်ရဲ့ လုပ်ရပ်ကို ထောက်ခံထားပါ တယ်။ ဆော်ဒီအာရေဗျ လည်း ထရမ့်ပ်ရဲ့ အမည်ပျက်စာရင်းမှာ မပါပါဘူး။ အစိုးရအဖွဲ့ ကနေ တရားဝင် ထုတ်ပြန် တာမျိုး မရှိသေးပေမယ့် ဆော်ဒီလေကြောင်း ကနေတော့ ထရမ့်ပ်ရဲ့ အမည်ပျက်စာရင်းဝင် ၇ နိုင်ငံက ခရီးသည်တွေကို ဆော်ဒီလေကြောင်း ကိုစီးခွင့်ပြုမှာ မဟုတ်ဘူးလို့  ထုတ်ပြန်ကြေညာ ထားပါကြောင်း လေ့လာရေးသား လိုက်ရပါတယ်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment