Pages

Wednesday, February 8, 2017

မြန်မာနိုင်ငံသည် ၀ါးသယံဇာတများ အများအပြား ပေါက်ရောက်ရာ မူရင်းဒေသဖြစ်



နေပြည်တော် ၊ ၈-၂-၂၀၁၇

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျွန်းသစ် အမျိုးအစား အများအပြား ပေါက်ရောက်ရာ အဓိကနယ်မြေဒေသ နိုင်ငံဖြစ်သကဲ့သို့ ထိုကျွန်းသစ်နှင့် အတူ မိတ်ဖက်သစ် အမျိုးအစားအဖြစ် ပေါက်ရောက်သော ဝါးသယံဇာတ များလည်း အများအပြား ပေါက်ရောက်ရာ မူရင်းဒေသ ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၏ ကောက်နုတ်ချက် များအရ သိရသည်။

ကျွန်းသစ်နှင့်အတူ အခြားမာများ အပါအဝင် ဝါးများကိုလည်း စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေး အတွက် သဘာဝသစ်တော များကို စီမံအုပ်ချုပ်ခြင်း ဥပဒေဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ကျွန်းသစ်ကို မြန်မာ့ရွေးချယ်ခြင်း စနစ်ဖြင့် အစဉ်အဆက် ကျင့်သုံးထုတ်လုပ် နိုင်ခဲ့ကြောင်း၊ ကျွန်းသစ်၏ မိတ်ဖက်ဝါးများ ကိုလည်း ယခုအခါ ရေရှည်တည်တံ့ တိုးပွားရန် ထိန်းသိမ်းပြီး ဝါးထုတ်ယူ သုံးစွဲမှု၊ ဝါးခုတ်ယူမှု ပမာဏလည်း တိုးတက်လျက် ရှိကြောင်း သိရသည်။

သို့ဖြစ်၍ ဝါးသယံဇာတ သည် ကျေးလက်ဒေသတွင် အသုံးပြုခြင်း သာမက စက်မှုကုန်ကြမ်း အတွက် အဓိကကျသော သယံဇာတ တစ်မျိုးလည်း ဖြစ်လာကြောင်း၊ စက္ကူပျော့ဖတ် ပြုလုပ်ရာတွင်လည်း ဝါးသည် အဓိက အားထားရသော ကုန်ကြမ်းတစ်မျိုး ဖြစ်ပြီး ထုတ်ယူ သုံးစွဲရာတွင် သဘာဝ ဝါးတောများကိုသာ အဓိက အားထားနေ ရကြောင်း၊ ခုတ်ယူရာတွင် နည်းစနစ်ကျသော ဝါးခုတ်ယူမှု၊ ခုတ်မည့်ရက် သတ်သတ်မှတ်မှတ် မရှိဘဲ တစ်နေရာတည်းတွင် အဖန်တလဲလဲ ထုတ်ယူလာ ခြင်းကြောင့် ဝါးတောများ၏ အရည်အသွေးများ သည်လည်း ကျဆင်း လာသည်ကို တွေ့ရှိရကြောင်း၊ သဘာဝဝါးတော များနှင့် ဝါးစိုက်ခင်းများတွင် ဝါးသယံဇာတ ထာဝစဉ်တည်တံ့ နေစေရန်အတွက် စနစ်တကျစီမံ အုပ်ချုပ်မှု လိုအပ်ကြောင်း၊ သို့မှသာ အရည်အသွေးမီ ဝါးများ စဉ်ဆက်မပြတ် ထုတ်လုပ်သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝါးတောများကို သင့်လျော်သော စီမံအုပ်ချုပ်မှုနှင့် အကောင်အထည် ဖော်ဆောင်ရွက် ခြင်းဖြင့် ပေါက်ရောက် ဖွံ့ဖြိုးတိုးတက် လာစေသကဲ့သို့ ဝါးများခုတ်ယူ ရာတွင်လည်း ပိုမိုလွယ်ကူ ထိရောက် လာစေမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၁)

No comments:

Post a Comment