Pages

Wednesday, February 8, 2017

ရေညှောင့်နှုတ်သီးဝိုင်း ငှက်များ မျိုးသုန်းလုနီး အန္တရာယ်အဆင့်သို့ ရောက်ရှိနေ




နေပြည်တော် ၊ ၈-၂-၂၀၁၇

ကမ္ဘာပေါ်ရှိ ရေညှောင့်နှုတ်သီးဝိုင်း ငှက်များသည် မျိုးသုဉ်းလုနီး အန္တရာယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) နှင့် သစ်တော ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

အဆိုပါ ရေညှောင့်နှုတ်သီးဝိုင်း ငှက်မှာ ပင်လယ်ကမ်းခြေနှင့် ကမ်းရိုးတန်းများတွင် ကျက်စားသော ငှက်မျိုးဖြစ်ပြီး အခြားငှက်များနှင့် ရောနှော နေထိုင်ကြောင်း၊ ၄င်းငှက်မျိုးမှာ ကမ္ဘာပေါ်တွင် အကောင်ရေ ၄ဝဝ ခန့်သာ ကျန်ရှိတော့ပြီး မြန်မာနိုင်ငံတွင် အကောင်ရေ ၁ဝဝ ခန့်သာ တွေ့ရှိနိုင်ကြောင်း၊ ရေညှောင့် နှုတ်သီးဝိုင်း ငှက်သည် မျိုးသုဉ်းလုနီးပါး အန္တရာယ်ဖြင့် ရင်ဆိုင်နေရသော ငှက်ဖြစ်ပြီး လူနှင့်သဘာဝ ပတ်ဝန်းကျင်ကို တိုက်ရိုက် အကျိုးပြုသည် မဟုတ်သော်လည်း ဂေဟစနစ် လည်ပတ်မှုတွင် တန်ဖိုးရှိသည့် ငှက်မျိုးစိတ် ဖြစ်၍ မျိုးသုဉ်း ပျောက်ကွယ်မှု မရှိစေရန်အတွက် ၄င်းတို့ နေထိုင်ကျက်စားရာ ဒေသများကို သတ်မှတ်ကာ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ စီးပွားဖြစ် ပြသ၍ ဝင်ငွေရှာနိုင်သော လုပ်ငန်းများအဖြစ် လုပ်ကိုင်နိုင်ကြောင်း သိရသည်။

အဆိုပါငှက်မျိုး များကို မုတ္တမ ပင်လယ်ကွေ့၊ စစ်တွေ နံ့သာကျွန်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ မြိတ် ပတ်ဝန်းကျင် တို့တွင် တွေ့ရကြောင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် မြိတ်ပတ်ဝန်းကျင် တို့တွင် ရှိတတ်သော်လည်း အတွေ့ရ နည်းပြီး စစ်တွေ နံ့သာကျွန်း၊ မုတ္တမ ပင်လယ်ကွေ့ တို့တွင် အများဆုံး တွေ့ရကြောင်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ ငမန်းတောင်ပြင် နှင့် မြိတ်ပတ် ဝန်းကျင်တို့တွင် တစ်ကောင်မှ သုံးကောင် အတွင်းသာ တွေ့ရပြီး မုတ္တမ ပင်လယ်ကွေ့နှင့် စစ်တွေ နံ့သာကျွန်း တို့တွင် အကောင်ရေ ဆယ်ဂဏန်းထိ တွေ့ရကြောင်း ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment