Pages

Wednesday, February 1, 2017

ဂျပန်နိုင်ငံဝန်ကြီးချုပ် ၏ ဇနီးနှင့်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ


ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး ၏ ဇနီး Mrs. Akie Abe နှင့်အဖွဲ့ 
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိစဉ်

ရန်ကုန် ၊ ၁-၂-၂၀၁၇

Greater Mekong Initiative ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး ၏ ဇနီး Mrs. Akie Abe နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့မှ လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာ ကြရာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး နှင့် တာဝန်ရှိသူ များက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။

ဧည့်သည်တော် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာရှင် ဇိုအာဘေး ၏ဇနီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် ရှိ ကမ္ဘာ့ဗုဒ္ဓဝိပဿနာ ဗိမာန် ကျောင်းတိုက်၊ မင်္ဂလာဒုံ မြို့နယ်ရှိ သုခကာမီ သီလရှင်သင် ပညာရေးကျောင်း၊ ဇလွန်သီလရှင်သင် ပညာရေးကျောင်း၊ ပညာသိင်္ဂီ သီလရှင်သင် ပညာရေးကျောင်း၊ အပမာဒ သီလရှင်သင် ပညာရေးကျောင်း နှင့် ပုညဝိသုဒ္ဓိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တို့သို့ သွားရောက် ကြည့်ရှုလေ့လာ ကြသည်။

ယင်းသို့ သွားရောက် ကြည့်ရှုလေ့လာစဉ် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး ၏ ဇနီးနှင့်အဖွဲ့၊ အလှူရှင်များသည် ပညာရေး စာသင်ကျောင်း တစ်ကျောင်းလျှင် ငွေကျပ် သိန်း ၅ဝ နှင့် ကျောင်းသုံး ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

#Themyawadydaily

No comments:

Post a Comment