Pages

Wednesday, February 1, 2017

ရွှေတိဂုံစေတီတော် မော်ကွန်းတင်ဓာတ်ပုံပြိုင်ပွဲ ယခုနှစ်အတွင်း ကျင်းပမည်



ရန်ကုန် ၊ ၁-၂-၂၀၁၇

လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီး ၏ ကြည်ညိုဖွယ်ရာ မြင်ကွင်းဓာတ်ပုံ များကို သက်ဆိုင်ရာမှ မှတ်တမ်းတင် သိမ်းဆည်း ထားရန်နှင့် ဘုရားဖူးလာသူများ ဖူးမြော်နိုင်စေရန် ရွှေတိဂုံ စေတီတော် မော်ကွန်းတင် ဓာတ်ပုံပြိုင်ပွဲကို ယခုနှစ်အတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ စေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါ ဓာတ်ပုံပြိုင်ပွဲကို ကြည်ညိုဖွယ် အဖုံဖုံ မြတ်ရွှေတိဂုံ၊ အနုလက်ရာ ပန်းပူဇာ စသည့် ခေါင်းစဉ်များဖြင့် ကျင်းပမည် ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင် လိုသူများ အနေဖြင့် ပြိုင်ပွဲဝင် လျှောက်လွှာပုံစံ များကို ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ရုံး ၌ ရယူနိုင်ပြီး ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ ဓာတ်ပုံများ ပေးပို့ကာ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်မည့် သူများအနေဖြင့် ဓာတ်ပုံများ ရိုက်ကူးရာတွင် အကူအညီများ လိုအပ်ပါက စေတီတော် ဂေါပကအဖွဲ့က ကူညီဆောင်ရွက် ပေးမည်ဖြစ်သည်။ အလားတူ ဓာတ်ပုံပြိုင်ပွဲ မျိုးကို ၂ဝ၁၂ ခုနှစ် ကလည်း တစ်ကြိမ်ကျင်းပ ဖူးပြီး ယခုနှစ်တွင် မော်ကွန်းတင် ဓာတ်ပုံ ပြိုင်ပွဲအဖြစ် ပိုမိုကျယ်ပြန့်စွာ စီစဉ်ကျင်းပ ရခြင်းဖြစ်သည်။

ပြိုင်ပွဲကျင်းပရန် လေးလခန့် အချိန်ယူ ညှိနှိုင်းပြင်ဆင် ရပြီး ယခုကဲ့သို့ ပြိုင်ပွဲကာလကို အချိန်ကြာမြင့်စွာ သတ်မှတ်ပေး ထားခြင်းသည် မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ် ပြောင်းလဲ နေသည့် ရာသီဥတုအလိုက် ကြည်ညိုဖွယ်ရာ အသွင်အမျိုးမျိုး ပုံပေါ်နေသော ရွှေတိဂုံစေတီ တော်မြတ်ကြီး ၏ ကြည်ညိုဖွယ် မြင်ကွင်း ဓာတ်ပုံများကို ရရှိစေရန် ရည်ရွယ်ကာ စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ဆုကြေးငွေများ အဖြစ် ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် လေးသိန်း၊ တတိယဆု ငွေကျပ် သုံးသိန်း နှင့် နှစ်သိမ့်ဆု သုံးဆုကို တစ်ဆုလျှင် ငွေကျပ်တစ်သိန်းစီ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်သည်။ အဆိုပါ ဓာတ်ပုံပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံး ဖုန်း ဝ၁- ၃၈၃၅၁၂ နှင့် ဝ၁- ၃၇၅၇၆၇ တို့သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment