Pages

Tuesday, February 7, 2017

အသည်းအဆီဖုံးရောဂါ အတွက် ထိရောက်သော တိုင်းရင်းထွက်ဆေးပင်များ


အသည်းအဆီဖုံးရောဂါ အတွက် ထိရောက်သော တိုင်းရင်းထွက်ဆေးပင်များ

ကြည်လွင်မြင့် (မုဒြာ)

အသည်းအဆီဖုံး ရောဂါသည် ယခုဆယ်စုနှစ် အတွင်းမှ အဖြစ်များလာသော ရောဂါဖြစ်သည်။ လွန်ခဲ့သော ၂၇ နှစ် စာရေးသူ တိုင်းရင်းဆေးရုံ တွင် အလုပ်သင် ဆရာအဖြစ် ဆင်းခဲ့သည့် အချိန်က အဖြစ်များသော အသည်းရောဂါမှာ အသည်းရောင် အသားဝါ (ရိုးရိုး)သာ ဖြစ်သည်။ ထိုရောဂါဖြစ်လျှင် တစ်ကိုယ်လုံး အသားများ ဝါသည့်အပြင် မျက်စိပါ ဝါသည်။ နောက်ဆုံး ဆီးသွားလျှင် အဝါရင့်ရောင် သွားသည်။

ထိုစဉ်က ပြည်သူ့ဆေးရုံ၊ တိုင်းရင်းဆေး ဟုခေါ်သော မြောက်ပြင်ရှိ ဆေးရုံမှာ ခုတင် ၂၅ လုံးမျှသာ ဆံ့သော်လည်း အသားဝါ လူနာများ ပြည့်လျက် လူနာ ၅ဝ ခန့်အထိ ကုသပေးခဲ့ ရသည်။ အသားဝါလူနာ အားလုံးနီးပါး ကိုယ်ဝန်ဆောင် အသားဝါ ပါမကျန် တိုင်းရင်းဆေးဖြင့် ကုသပျောက်ကင်း ကြသည်။

ထိုအချိန်က အသားဝါ ကုသသော အဓိက တိုင်းရင်းဆေးမှာ ဆေးအမှတ်(၁) ဟု အမှတ်အသား ပြုထားသည့် မက်လင်ချဉ်ဆေး ဟုလည်းခေါ်သည့် ဆေးဖြစ်သည်။ ရှေးဆေးကျမ်း များမှ ''သေမှပုတိက သလိပ်ပုပ် နိုင်ဆေး'' နည်းကို ယူထားသော ဆေးဖြစ်သည်။

အသည်းရောင် အသားဝါအတွက် ကောင်းသည့် အမှတ်(၁) ဆေးနည်းတွင် အဓိကပါဝင်သော ဆေးမည်မှာ မက်လင်သီး၊ မက်လင်ခေါက် ပင်ဖြစ်သည်။ မက်လင်သီး သည် အလွန်ချဉ်သော အသီးဖြစ်ပြီး ချဉ်ဟင်း ချက်ရာတွင် ထည့်သွင်း အသုံးပြုကြသည့် တောဓလေ့သုံး အသီးဖြစ်သည်။ အသီးများကို နေလှန်း၊ အခြောက် ပြုလုပ်ပြီးလည်း ဈေးများတွင် ရောင်းချကြသည်။

မက်လင်သီး၊ မက်လင်ခေါက် တို့ပါဝင်သော ဆေးသည် အသည်းအတွက် အလွန်ကောင်းသည်။ အသည်းရောင် ခြင်းကို ကျစေသည့်အပြင် အသားဝါခြင်း၊ ဆီးဝါခြင်း ကိုလည်း အလွန်လျင်မြန်စွာ ကောင်းမွန် စေနိုင်ကြောင်း စာရေးသူတို့ အလုပ်သင်ဘဝ ကတည်းက လက်တွေ့ပင် ဖြစ်သည်။

ထိုအချိန်က ယခုခေတ်စား နေသည့် အသည်းအဆီဖုံး ရောဂါသည် များစွာခေတ်မစား သေးပေ။ အသားဝါ ရောဂါဟုသာ ရှိပြီး ဘီပိုး၊ စီပိုးများ ခေတ်မစား သေးပေ။ နောက်ထပ် ၁ဝ နှစ်ကျော်ကြာ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှသာ ပိုးကြောင့်ဖြစ်သော အသည်းရောဂါ၊ အသည်းခြောက် ရောဂါနှင့် အသည်းအဆီဖုံး ရောဂါများ ခေတ်စားလာသည်။ ရှေးခေတ်က မဖြစ်ခဲ့ဖူးသော အသည်းရောဂါ အမျိုးမျိုးကြောင့် သေဆုံးသူများမှာ မျက်စိရှေ့တွင်ပင် မနည်း တော့ပါ။ ကြောက်စရာ ကောင်းလောက် အောင်ကို တိုးပွားလာနေသည်။

စားကောင်း သောက်ကောင်း ဝဖြိုးနေသူ တစ်ဦးသည် အကြောင်း တစ်ခုကြောင့် ဆေးစစ်လိုက်လျှင် အသည်း အဆီဖုံးနေသည် ဟု သိရသည်။ ထိုသို့သိရသည့် အခါမှစ၍ ထိုသူသည် နေမကောင်း ဖြစ်လေတော့သည်။ ကျုံးနံဘေးတွင် လမ်းလျှောက်နေသူ အတော်များများကို မေးလိုက်လျှင် အသည်းအဆီဖုံး နေလို့ ဆရာဝန် က လမ်းလျှောက်ပြီး အဆီချခိုင်း လို့ဟု ပြောသူ အတော်များများကို တွေ့ရသည်။ ပင်ကို ကျန်းမာရေးအသိဖြင့် လမ်းလျှောက်သူက နည်းသည်။ ဆရာဝန်က အသည်းအဆီဖုံး နေပြီ ပြောလိုက်မှ လမ်းလျှောက်သူက များလာ လေသည်။

အရက်ဆိုင်၊ လမ်းဘေး စည်ဘီယာဆိုင် များမှာလည်း ရှေးခေတ်ကထက် ဆယ်ဆမက တိုးပွားလာပြီး အရက်သောက်သူ၊ ဘီယာသောက်သူ များမှာ ဗိုက်စူထွက်လာပြီး အသည်းအဆီဖုံး ရောဂါရလာသူ များလည်း တွေ့ရသည်။ အသည်းပျက်စီး စေသောအဆင့် ရောက်သောအခါ အသည်းခြောက်၊ အသည်းကင်ဆာ ကြောင့် သေရသူ အလွန်များလာသည်။

မနှစ်က စာရေးသူ၏ မိတ်ဆွေ တစ်ဦးသည် အစာအိမ် သွေးကြောပေါက်၍ ဆေးရုံတက်ကာ သွေးကြောဖာပြီး ပြန်ဆင်းလာသည်။ သူအသည်းခြောက် နေသဖြင့် အသည်းသို့ဝင်သော သွေးကြောပိတ်ပြီး အစာအိမ်တွင် နောက်ကြောင်းပြန် သွေးဖိအားတိုးကာ သွေးကြော ပေါက်သွားသည်ဟု ဆိုသည်။ အဓိက တရားခံမှာ အစာအိမ်မဟုတ် အသည်း ဖြစ်နေသည်။ ထိုမိတ်ဆွေသည် အရက်ကို အမြဲသောက်သူ မဟုတ်။ ဂေါက်သီးရိုက်ပြီး နိုင်မှ တစ်လတစ်ကြိမ်၊ နှစ်ကြိမ်မျှသာ သောက်သူဖြစ်သည်။ ဤမျှနှင့် အသည်းခြောက် ရသည်မှာ ဆိုးလှသည်။ အရက်သောက်သူ၊ အသည်း အဆီဖုံးသူ အသည်းခြောက်သူ များအတွက် ဆေးနည်းတစ်ခု ပေးချင်ပါသည်။ ဆေးပင်ဟု ပြောလျှင်လည်း ဖြစ်နိုင်ပါသည်။ 'ဟင်းဂလာ' ပင်ဟု ခေါ်ပါသည်။

စာရေးသူ၏ အဘိုးတစ်ဝမ်းကွဲ တော်သူ (အဘိုး၏ ညီတစ်ဝမ်းကွဲ တော်သူ)သည် အရက်ကိုပုံမှန် သောက်သူ ဖြစ်ပါသည်။ ညနေခင်း ရောက်သည်နှင့် အရက်ကို ရေနွေးထည့်သည့် သတ္တုကရားတွင် ထည့်ပြီး တစ်အိုးခန့် သောက်ပါသည်။ သူသောက်သည့် အရက်မှာ ချက်အရက် ဟုခေါ်သော အရက်ဖြူ ဖြစ်ပါသည်။ အံ့သြစရာ ထိုအဘိုးသည် အသက် ၉၉ နှစ်ကျော်၊ ၁ဝဝ အတွင်းရောက်မှ သေပါသည်။ နှစ်ပေါင်း ၅ဝ ကျော် အရက်သောက်ခဲ့ သော်လည်း အသည်းမခြောက် ခဲ့ပါ။ သူအမြဲ စားခဲ့သော အရက်အမြည်းမှာ တောရွာများတွင် ပြုလုပ်လေ့ရှိသော ဟင်းဂလာ ချဉ်ဖတ် ဖြစ်ပါသည်။

ဟင်းဂလာပင် သည် နုန်းတင်မြေနုနှင့် သဲသောင်ခုံ များတွင် အလေ့ကျပေါက်သော အပင်များ ဖြစ်ပါသည်။ မြေနှင့်သဲတွင် ကပ်၍ပေါက်ပြီး လက်ဝါးကဲ့သို့ နံဘေးသို့ ဖြာထွက်သည်။ ဟင်းဂလာပင်ကို ပြုတ်သောက်လျှင် ဆီးအလွန် ကောင်းသည်။ ကျွဲ၊ နွားများဆီးချုပ် သောအခါ ဟင်းဂလာ ပင်ကိုခုတ်စဉ်းပြီး နွားစာနှင့်ရော ကျွေးကြသည်။ ဟင်းဂလာပင်ကို ထမင်း လက်တစ်ဆုပ်ခန့်ဖြင့် မြေစဥ့်အိုးငယ်တွင် ထည့်၍ အချဉ်တည် ထားပြီး သုံးရက်ခန့် တွင် အချဉ်ပေါက်သည်။ ဟင်းဂလာ ချဉ်ဖတ်ကို ငါးဖြင့်ရော၍လည်း ချက်စားလေ့ ရှိကြသည်။ ငါးပိရည်နှင့် တွဲဖက်၍ တို့စရာအဖြစ် လည်း စားသုံးကြသည်။ တောဓလေ့တွင် ချက်အရက် သောက်ကြသူ များသည် အရက်နာ မကျစေရန် ဟင်းဂလာ ချဉ်ဖတ်ကို ပဲကြီးလှော်နှင့် စားသုံးရင်း အရက်သောက်လေ့ ရှိကြသည်။ ထိုကဲ့သို့ သောက်သော အရက်သမား များမှာ အရက်နာကျခြင်း၊ အသည်းခြောက် ရောဂါဖြစ်ခြင်း မရှိကြောင်း တွေ့ရပါသည်။

အသည်းအဆီဖုံးခြင်း အတွက် ထိရောက်သော အခြား ဆေးဖက်ဝင်အရွက်မှာ ဆေးမြင်းခွာရွက် ဖြစ်သည်။ ဆေးမြင်းခွာရွက် သည် စားသုံးသည့် မြင်းခွာရွက်ထက် အရွက်သေးသည်။ လမ်းလျှောက်နွယ်မျိုး ဖြစ်ပြီး အရက်နှင့် အရိုးတွင် အမွေးနုကလေးများ ပါလေ့ရှိသည်။ ရိုးတံ အနီရောင်နှင့် အဖြူရောင် နှစ်မျိုးရှိသည်။ နှစ်မျိုးလုံးပင် ဆေးဖက်ဝင်ပါသည်။

ယင်း မြင်းခွာပင် များကို နွယ်လိုက်ရအောင် နုတ်ယူ၍ ဝါးလုံးတန်း ကဲ့သို့ တန်းပေါ်တွင် အရှည်လိုက် တင်ပြီး အခြောက်လှန်းပါ။ နေပူတွင် မလှန်းဘဲ နေရိပ်တွင် လှန်းပါ။ ခြောက်သွားသောအခါ မှိုမတက်အောင် သံဘူး သို့မဟုတ် ဖန်ပုလင်းတွင် သိမ်းဆည်းထားပါ။ နေ့စဉ် ရေနွေးမတ်ခွက် တစ်ခွက်စာမျှ လက်ဖက်ခြောက် ခတ်သလိုခတ်၍ သောက်ပေးပါ။ အသည်းအဆီ ဖုံးခြင်းကို ကျဆင်းစေနိုင်ပြီး ဆီးကောင်း၊ ဆီးရွှင်ကာ မျက်စိအား ကိုလည်း ကောင်းစေနိုင်ကြောင်း လက်တွေ့ သုံးစွဲဖူးသူ များက ပြော၍ မှတ်သားရဖူး ပါသည်။

အသည်းအဆီဖုံးခြင်း အတွက် နောက်ထပ် ထိရောက်သော အသီးမှာ ဆီးဖြူသီး ပင် ဖြစ်သည်။ ဆီးဖြူသီးကို ဆေးဖက်ဝင် အသီးအဖြစ် မြန်မာ့ဆေးကျမ်း များစွာတွင် ပါဝင်သည့်အပြင် အနောက်တိုင်း အာဟာရ သုတေသီများ ကလည်း ဗီတာမင်စီ အလွယ်ကြွယ်ဝသော အသီးအဖြစ် အသိအမှတ်ပြု ထားကြသည်။ သို့သော် ဆီးဖြူသီးကို အစိမ်းအတိုင်း စားလျှင် လေချုပ်၊ သွေးချုပ်စာ ဖြစ်သဖြင့် နေ့စဉ်ရက်ဆက် များများစားရန် မသင့်ပါ။ အထူးသဖြင့် အမျိုးသမီးများ သွေးပေါ်ရက်နီးလျှင် မစားသင့်ပါ။

အသည်းအဆီဖုံး သူများအတွက် ဆီးဖြူသီးစားရန် နည်းမှာ ဆားရည်စိမ် စားလျှင် ပို၍ကောင်းသည်။ ဆားရည်စိမ်ထားလျှင် ကြာကြာ အထားခံပြီး အရသာလည်း ပို၍ကောင်းသည်။ တစ်နေ့လျှင် တစ်လုံးမျှ စားလျှင်ပင် လုံလောက်သည်။ တာရှည်ခံသော နည်းမှာ ဆီးဖြူသီး ပေါသောအချိန် တွင် ဝယ်ယူ၍ အခြောက်လှန်းပြီး သိမ်းဆည်းထားပါ။ ဆီးဖြူသီးခြောက်ကို ငါးဟင်း၊ ဝက်သားဟင်း စသည်တို့နှင့် ရောချက်စားလျှင် ဟင်းနူးစေပြီး အဆီဓာတ်ကို လျော့ကျစေကာ အအီပြေစေနိုင်သည်။ ဝက်သားကြိုက်သူ များသည် အိုးကြီးနှပ်ချက် အဖြစ် ချက်စားနိုင်သည်။ ရှေးက အလှူများတွင် ဝက်သားတုံးကြီး များကို နူးအောင် ချက်ပြီးမှ အိုးကြီးတွင် ထည့်ပြီး သရက်သီး ခြောက်တစ်ထပ်၊ အသားတစ်ထပ်၊ မရန်းသီးခြောက်၊ ဆီးဖြူသီးခြောက်များ ထပ်၍ထည့်ပြီး အိုးအဖုံးပိတ်ကာ အပေါ်မီး၊ အောက်မီး ထပ်တင်၍ နှပ်ထားလေ့ရှိသည်။ ရက်ရှည် အထားခံပြီး ချဉ်ဖြုံးဖြုံးအရသာ ရှိသော ဝက်သားအိုးကြီး နှပ်မှာ ဆွမ်းကြီးလောင်းပွဲနှင့် အလှူပွဲများတွင် မြန်မာတို့အကြိုက် ချက်နည်းဖြစ်သည်။ ဝက်သားကြိုက်သူ များသည် အသည်းအဆီဖုံးခြင်း သက်သာစေရန် ဤနည်းဖြင့် ချက်စားနိုင် ပေသည်။

အသည်း အဆီဖုံးခြင်းကို ကာကွယ်နိုင်သော အခြားအရွက်များမှာ ဈေးများတွင် အလွယ်တကူ ရနိုင်သော ရှောက်ရွက်နှင့် ရဲယိုရွက်တို့ ဖြစ်သည်။

ရှောက်ရွက်ကို ပါးပါးညှပ်ပြီး အသုပ်များတွင် ရောထည့်စားခြင်း၊ ဟင်းချိုပြုလုပ် သောက်ခြင်းဖြင့် နေ့စဉ် စားသုံးနိုင်သည်။ အတို့အမြှုပ် အဖြစ်လည်း စားသုံးနိုင်သည်။ ရှောက်သီးမှ ထွက်သော ရှောက်ရည်နှင့် ရှောက်ရွက်တို့သည် အသည်းအတွက် အလွန်ကောင်းသော ဓာတ်စာဖြစ်သည်။ ချဉ်ရည်ဟင်း များတွင် ရှောက်ရည် ထည့်ချက်ခြင်း၊ အကင်များ စားလျှင်လည်း ရှောက်ရည် ညှစ်စားခြင်းဖြင့် အသည်းအတွက် ကာကွယ်ပါ။ ရဲယိုရွက်ကို ငါးခူဖြင့် ရောချက်စား နိုင်သည်။ ငါးဖယ်၊ ငါးကြင်းခြစ်များကို အမွှေးအကြိုင်၊ ကြက်သွန်ဖြူ၊ စပါးလင်တို့ဖြင့် ရောနယ်ပြီး ရဲယိုရွက်ဖြင့် ဖက်ထုပ်ပြု လုပ်ကာ ကြော်စားခြင်း၊ ရေနွေးနွေးဖြင့် ပေါင်းစားခြင်း တို့လည်း ပြုလုပ်နိုင်သည်။ 

ရဲယိုရွက်သည် နှုတ်မြိန်စေ သော အစာဖြစ်သည်။ လေပူကို နိုင်သော သတ္တိရှိသည်။ အသည်းတွင် အပူအောင်းခြင်း၊ အသည်း ခြောက်ခြင်း ရောဂါအတွက် တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ရဲယိုရွက်ကို စားသုံးပေးလျှင် ကာကွယ်ရာ ရောက်သည်။

အဆီများသူ၊ တစ်နေ့တခြား ဝလာသူ၊ အထိုင်များသူ၊ လမ်းလျှောက်နည်း သူတို့အတွက် အသည်းအဆီဖုံး ရောဂါသည် အလွန်အဖြစ်များ လာသော ရောဂါဖြစ် သဖြင့် ရိုးရာဆေးဖက် ဝင်အပင်၊ အသီးအရွက် များကို စားသုံးရင်း ကာကွယ် နိုင်ကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

No comments:

Post a Comment