Pages

Wednesday, February 8, 2017

တရုတ်နိုင်ငံမှ ဆန်အရည်အသွေး စစ်ဆေးရေးအဖွဲ့ မြန်မာနိုင်ငံရှိဆန်စက်များကို လာရောက်စစ်ဆေးမည်



နေပြည်တော် ၊ ၈-၂-၂၀၁၇

မြန်မာ့ဆန် တင်ပို့မှု၏ ၈ဝ ရာခိုင်နှုန်းခန့် နေရာယူထားသော တရုတ်နိုင်ငံမှ ဆန်အရည်အသွေး စစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံရှိ ဆန်စက်များ၏ အရည်အသွေးကို လာရောက် စစ်ဆေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင် ထံမှ သိရသည်။

''တရုတ်နိုင်ငံဘက်က လာစစ်ဆေးပြီး တော့မှပဲ ကိုယ့်ဘက်က လိုအပ်ချက်တွေကို သိမှာဖြစ်ပြီး ဈေးကွက် လိုအပ်ချက်ကို လည်းပြောင်းလဲ နိုင်မှာပါ။ အဓိကကတော့ ပုဂ္ဂလိက ဆန်တင်ပို့တဲ့ ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်ပြီး စစ်ဆေးဖို့ အဆင့်မီတဲ့ ဆန် စက်ကို လိုက်ပို့ပေးမှာ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံအတွင်းမှာလည်း အရည်အသွေးမီတဲ့ ဆန်စက်တွေ အများကြီး ရှိနေပါပြီ'' ဟု ဦးခင်မောင်လွင် က ပြောသည်။

လက်ရှိတွင် ပြည်ပသို့ ထပ်မံဆန်တင်ပို့ ရောင်းချရန် တန်ချိန် အနည်းငယ်သာ ရှိ၍ ယခင်ဘဏ္ဍာနှစ်ထက် တန်ချိန်နှစ်သိန်း နီးပါးလျော့နည်း နေကြောင်း သိရသည်။

''ဆန်တင်ပို့မှု ဈေးကွက်က တရုတ်ကိုပဲ အားထားနေရတယ်။ မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းကနေ တရုတ်နိုင်ငံကို ဆန်တင်ပို့တဲ့အခါ ဓာတု အကြွင်းအကျန် ရှိတယ်ဆိုပြီး ငြင်းပယ်တာတွေ ရှိခဲ့တယ်။ ဒါကြောင့် ကုန်သည်တွေ ဘက်က အတတ်နိုင်ဆုံး အရည်အသွေး မီအောင် လုပ်နေပေမယ့် တောင်သူတွေ အနေနဲ့ စိုက်ပျိုးမှုနည်းစနစ် ကနေ ဆန်ထုတ်လုပ်တဲ့ အဆင့်အထိ တတ်ကျွမ်း နားလည်ဖို့ လိုနေသေးတယ်'' ဟု ဆန်စက် လုပ်ငန်းရှင် ဦးဟန်သာမြင့် က ပြောသည်။

မြန်မာနိုင်ငံ၌ ဆန်စက်လုပ်ငန်းများ ရှိသော်လည်း အဆင့်မြင့် ကြိတ်ခွဲနိုင်သည့် ဆန်စက် အရေအတွက် နည်းပါးခြင်း၊ ကြီးမားသော ဈေးကွက် မရှိသေးခြင်း၊ ပြည်ပသို့ တင်ပို့နိုင်သော အရည်အသွေးမီ ဆန်များ ထုတ်လုပ်နိုင်မှု အားနည်းနေခြင်း၊ ကုန်ကြမ်း နှင့်ကုန်ချော ဈေးနှုန်းမညီမျှခြင်း တို့ တွေ့ကြုံ နေရသည်။

ထို့ကြောင့် ပြည်ပသို့ တင်ပို့သော ဆန်များ အဆင့်မီစေရန် ခေတ်မီ ဆန်စက်များ၊ သိုလှောင်ရုံများ၊ အခြောက်ခံစက် များနှင့် အရည်အသွေး အာမခံချက်ရှိသော တန်းမြှင့် ဆန်စက်များကို အဆင့်မြင့် နည်းပညာဖြင့်
တည်ဆောက်နိုင်ရေး အတွက် ကာလတို၊ ကာလလတ် ချေးငွေပေးခြင်းဖြင့် အစိုးရက ကူညီပေးသင့်သည် ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က အကြံပြု ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment