Pages

Tuesday, February 7, 2017

ရန်ကုန်မြို့ရှိ ဆေးရုံကြီး ၆ ခု၌ ကျန်းမာရေးစောင့်ရှောက်မှုကို သုတေသနပြုမည်



ရန်ကုန် ၊ ၇-၂-၂၀၁၇

ရန်ကုန်မြို့ရှိ အဓိကဆေးရုံကြီး ခြောက်ခု၌ ဆေးရုံလုပ်ငန်း တာဝန်များနှင့် ဆေးရုံတက်လူနာ များ၏ ကျန်းမာရေး စောင့်ရှောက်မှု အပေါ် စိတ်ကျေနပ်မှု အခြေအနေများနှင့် ပတ်သက်၍ သုတေသီပညာရှင် ၆ဝ ဦးက လေ့လာမှု သုတေသနစစ်တမ်း ပြုလုပ်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ သုတေသန ပြုလုပ်မည့် ဆေးရုံကြီးများမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး၊ ရန်ကုန် ကလေးဆေးရုံကြီး၊ ခုတင်-၅ဝဝ ဆံ့ ဆေးရုံသစ်ကြီး၊ အရိုးရောဂါကု ဆေးရုံကြီးနှင့် ဗဟိုအမျိုးသမီး ဆေးရုံကြီး တို့ဖြစ်ကြောင်း၊ ဆေးရုံ Reception Services ကို လူနာနှင့်ဝန်ထမ်း များကြား ဆက်ဆံရေး အဆင်ပြေ ချောမွေ့စေရေး ပေါင်းကူးဆက်သွယ် ဆောင်ရွက်ပေးရန်၊ လူနာစောင့်များ၏ စိတ်ဖိစီးမှုများကို အတိုင်းအတာ တစ်ခုအထိ လျှော့ချ ပေးနိုင်ရန်နှင့် ကုသရေးဦးစီးဌာန၏ ဝန်ဆောင်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ပေး နိုင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခုတင်-၂ဝဝ နှင့်အထက် ပြည်သူ့ဆေးရုံကြီး များတွင် လူနာများ စိတ်ကျေနပ်မှု ရရှိစေရန်နှင့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန် ဆေးလူမှု ဆက်ဆံရေး ဌာနမှ ဦးဆောင်၍ ဆေးရုံကြိုဆို လမ်းညွှန်ရေး ဝန်ဆောင်မှု လုပ်ငန်းကို ခုတင်-၁ဝဝ ဆံ့၊ ခုတင်-၅ဝဝ ဆံ့ ဆေးရုံများ၌ပါ တိုးချဲ့လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ရက် ၁ဝဝ စီမံချက် လုပ်ငန်းစဉ် တွင်လည်း မူလ ဆောင်ရွက်နေသည့် ဆေးလူမှု ဆက်ဆံရေး လုပ်ငန်းများအပြင် လူနာ၊ မိသားစုဝင်များ၊ ပရဟိတ လူမှုရေး အသင်းအဖွဲ့ဝင် များကို အကူအညီ ပေးရန်နှင့် ဆေးရုံအတွင်း ကြိုဆိုလမ်းညွှန် ကူညီပေးရန် အထက်ပါ ဝန်ဆောင်မှု လုပ်ငန်းကို စတင်လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment