Pages

Friday, February 3, 2017

ခေတ်မီအမှိုက်သိမ်းယာဉ် များ၏တန်ဖိုးသည် မူရင်းဈေးနှင့်ကွာဟနေသည်ဟု ဝေဖန်မှုများကြောင့် တင်သွင်းခွင့်ရကုမ္ပဏီကို ယာဉ်တန်ဖိုးအထောက်အထားများ တောင်းခံထား


ရန်ကုန် ၊ ၃-၂-၂၀၁၇

ပြီးခဲ့သည့်ရက်ပိုင်း က ရန်ကုန်မြို့သို့ ရောက်ရှိလာသော ခေတ်မီ အမှိုက်သိမ်းယာဉ် များ၏ တန်ဖိုးသည် မူရင်းဈေးနှင့် ကွာဟနေသည်ဟု ဝေဖန်မှုများကြောင့် အမှိုက်သိမ်းယာဉ်များ တင်သွင်းခွင့်ရ ကုမ္ပဏီကို ပြန်လည် စစ်ဆေးရန် အမှိုက်သိမ်းယာဉ် တန်ဖိုး အထောက်အထားများ တောင်းခံထားကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ရန်ကုန်မြို့အတွက် အမှိုက်သိမ်းယာဉ်များ တင်သွင်းခွင့်ကို တင်ဒါ ခေါ်ယူခဲ့ရာ ကုမ္ပဏီတစ်ခုက တင်သွင်းခွင့်ရရှိပြီး အမှိုက်သိမ်းယာဉ် များ၏ဓာတ်ပုံ နှင့်အတူ မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် တန်ဖိုးသည် မူရင်းနိုင်ငံမှ သတ်မှတ်နှုန်း ထားနှင့် ကွာဟနေသည်ဟု လူမှုကွန်ရက် စာမျက်နှာ၌ ပျံ့နှံ့ခဲ့သည်။

ထို့ကြောင့် ကုမ္ပဏီက ၄င်းတို့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုဖြင့် ပြန်လည်ချေပရန် ပြင်ဆင်ထားပြီး အမှိုက်သိမ်းယာဉ် တန်ဖိုးများ မှန်ကန်စွာ တင်သွင်းလာခြင်းကို စစ်ဆေး တွေ့ရှိပါက ၄င်းတို့ ကုမ္ပဏီအား စွပ်စွဲပြောဆိုသူ များကို တရားစွဲဆိုရန် ပြင်ဆင်ထားကြောင်း သိရသည်။

''လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး ကုမ္ပဏီကို စာရွက်စာတမ်း အထောက်အထားတွေ တောင်းထားတယ်။ တင်သွင်းလာတဲ့ တန်ဖိုးကွဲလွဲမှု ရှိ၊ မရှိ ပြန်စစ်မယ်။ တန်ဖိုးတွေ ကွဲလွဲနေရင် ကုမ္ပဏီကို နာမည်ပျက်စာရင်းထဲ ထည့်မယ်။ မှန်ကန်စွာ တင်သွင်းတယ်လို့ စစ်ဆေးတွေ့ရှိရင် ကုမ္ပဏီက စွပ်စွဲပြောဆိုသူ တွေကို တရားစွဲနိုင်တယ်'' ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့၌ အချိန်တိုအတွင်း သန့်ရှင်းနိုင်သည့် ခေတ်မီ အမှိုက်သိမ်းယာဉ် ၁၁၄ စီးမှာယူထားရာ ပထမအသုတ် ရောက်လာသည့် ၄၂ စီးကို ဇန်နဝါရီ ၂၇ ရက်က မိတ်ဆက်ခဲ့ပြီး ယင်း အမှိုက်သိမ်းယာဉ် များသည် လူအင်အားဖြင့် ပြုလုပ်ရသော နေရာများ၌ အချိန်တိုတိုဖြင့် လုပ်ဆောင်နိုင်သော နည်းပညာမြင့် ယာဉ်များ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment