Pages

Thursday, February 2, 2017

လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၄၄ ဦးကို မြ၀တီမြို့သို့ လာရောက်လွှဲပြောင်းအပ်နှံ


မြ၀တီ ၊ ၂-၂-၂၀၁၇

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ အမှတ်(၄) ရပ်ကွက် ယာယီ စောင့်ရှောက်ရေး ဂေဟာ၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင် ကြသည့် မြန်မာ အလုပ်သမား များထဲမှ လူကုန်ကူးခံ ရသူ ၄၄ ဦးကို ထိုင်းနိုင်ငံ တာ့(ခ) ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ Pol-Capt VUTTHICHAI TEEKAYU ခေါင်းဆောင်သည့် တာဝန်ရှိသူ များသည် မဲဆောက်-မြဝတီ လမ်းကြောင်းမှ မြဝတီမြို့သို့ လာရောက် လွှဲပြောင်းအပ်နှံ ပေးကြောင်း သိရသည်။ 

မြန်မာ အလုပ်သမား လွှဲပြောင်းမှုနှင့် ပတ်သက်၍ မြဝတီခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဇော် က ''ထိုင်းနိုင်ငံ အတွင်းမှာရှိတဲ့ လူမှု စောင့်ရှောက်ရေး ဂေဟာတွေမှာ စောင့်ရှောက် ပေးထားတဲ့ မြန်မာ အလုပ်သမား ၄၄ ဦးကို ထိုင်းနိုင်ငံ တာဝန် ရှိသူတွေက မြဝတီကို လာရောက် လွှဲပေးတာပါ။ အမျိုးသားက ၂၂ ဦး၊ အမျိုးသမီးက ၂၂ ဦးဖြစ်ပါတယ်။ ကျွန်တော်တို့က လက်ခံ ရယူပြီး ဒီနေ့ပဲ မော်လမြိုင်က လူငယ်သင်တန်း ကျောင်းကို ကုန်ကျစရိတ်တွေ ကျခံပေးပြီး မော်လမြိုင် လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် ဦးဆောင်ပြီး ခေါ်သွားမှာပါ။ မော်လမြိုင်မှာ သုံးရက်ထားမယ်။ စစ်ဆေး ဆောင်ရွက်စရာတွေ ပြုလုပ်ပြီးရင် ခရီးစရိတ်တွေ ထောက်ပံ့ပေးပြီး သူတို့နေရပ် တွေကို ပြန်ပို့ပေးမှာ ဖြစ်ပါတယ်'' ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင် ကြသည့် မြန်မာ အလုပ်သမား များထဲမှ လူကုန်ကူးခံ ရသူများကို ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူသား လုံခြုံရေးဝန်ကြီး ဌာန လက်အောက်ရှိ ဂေဟာ အသီးသီးတွင် လက်ခံ စောင့်ရှောက် ထားပြီး လူကုန်ကူးခံရ သူများအနက် နိုင်ငံသား စိစစ်မှု ရှိပြီးသူ မြန်မာ အလုပ်သမား ၄၄ ဦးကို လွှဲပြောင်းအပ်နှံ ခြင်းဖြစ်သည်။

အဆိုပါ လွှဲပြောင်း အပ်နှံပွဲသို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းတန်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မြဝတီ)မှ ဒုတိယရဲမှူးနှင့် တာဝန်ရှိသူများ၊ အမျိုးသမီး ရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ခရိုင် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

No comments:

Post a Comment