Pages

Thursday, February 23, 2017

ပြင်ဦးလွင်၌ ဂန္ဓာမြိုင်ပန်းခြံ ယခုနှစ်မတ်လကုန်တွင် ဖွင့်လှစ်မည်



ပြင်ဦးလွင် ၊ ၂၃-၂-၂၀၁၇

ပြင်ဦးလွင်မြို့တွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်သို့ သွားရာလမ်း ကန်တော်လေးအဝိုင်းအနီး၌ ယခင်က ပန်းခြံငယ်လေး တစ်ခု ရှိခဲ့သည်။ ထိုပန်းခြံထဲတွင် ပြင်ဦးလွင်မြို့၏ အမှတ်သင်္ကေတ ဖြစ်သည့် နာမည်ကျော် နာရီစင်၊ ရထားလုံး၊ ပန်းရဟတ် တို့ကို ရောင်စုံပန်း များစွာဖြင့် ပုံဖော်ပြသ ထားသောကြောင့် လာရောက် လည်ပတ်သူများ နှင့်မြို့ခံတို့ အထူးနှစ်ခြိုက် သဘောကျကာ အလှဓာတ်ပုံ၊ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်းတို့ အပြင် အနားယူ အပန်းဖြေခြင်း တို့ကိုပါ ပြုလုပ်ကြသည်။

အဆိုပါပန်းခြံကို ယခုအခါ ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ငွေကျပ် သိန်း ၃၅ဝ အကုန်အကျခံကာ ဂန္ဓာမြိုင်ပန်းခြံ အမည်ဖြင့် အသစ်ပြုပြင် မွမ်းမံပြင်ဆင်ကာ ယခုနှစ် မတ်လတွင် အပြီးတည်ဆောက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြင်ဆင်မွမ်းမံ နေသည့် ဂန္ဓာမြိုင်ပန်းခြံတွင် ယခင်ကကဲ့သို့ ရုပ်လုံးကြွနာရီစင်၊ ရထားလုံး၊ ပန်းရဟတ် တို့အပြင် ရေပန်းပါ ရေကန်၊ ပန်းဥယျာဉ်နှင့် မြက်ခင်းများ ၊ နားနေရန် ထိုင်ခုံများ၊ ကားပါကင်များ ပါဝင် မည်ဖြစ်ပြီး နားနေ အပန်းဖြေ သူတို့ လွတ်လွတ်လပ်လပ် နှင့် ကျယ်ကျယ်ပြန့်ပြန့် လှည့်လည် အပန်းဖြေ အနားယူနိုင်ကြောင်း၊ ထို့ပြင် ပန်းခြံအတွင်း၌ ကလေးငယ်များ ပျော်ရွှင်စွာ ဆော့ကစားနိုင်ရန် ကလေးကစားကွင်း တစ်ခုကို ထည့်သွင်းနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဂန္ဓာမြိုင်ပန်းခြံ သည် ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး (၆)၊ နန္ဒာလမ်းနှင့် မြို့ပတ်လမ်းထောင့် တွင် တည်ရှိပြီး အဆိုပါပန်းခြံ အနီး၌ ပြင်ဦးလွင်မြို့၏ နာမည်ကျော် ဂန္ဓာမြိုင် ဟိုတယ်ကို အစွဲပြုလျက် ဂန္ဓာမြိုင် ပန်းခြံဟု အမည်ပေး ထားခြင်းဖြစ်ကြောင်း သိရသည်။

ပန်းခြံဖွင့်လှစ် ပြီးစီးပါက ပြင်ဦးလွင်မြို့သို့ လာရောက် လည်ပတ်သူများ အပန်းဖြေ နားနေစရာ နေရာတစ်ခု ထပ်မံတိုးလာမည် ဖြစ်ပြီး ပန်းခြံဝင်ကြေး မရှိဘဲ လွတ်လွတ်လပ်လပ် အပန်းဖြေ နိုင်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment