Pages

Monday, January 9, 2017

မြန်မာ့ပဲ နှင့် နှမ်းများတွင် မြေသြဇာဓာတ်ကြွင်းများ ပါရှိ



မကွေး ၊ ၉-၁-၂၀၁၇

နိုင်ငံခြား ဈေးကွက်သို့ ထိုးဖောက် ရောင်းချလျက် ရှိသည့် မြန်မာ့ပဲနှင့် နှမ်းများတွင် မြေသြဇာ ဓာတ်ကြွင်းများ ပါရှိခြင်းကြောင့် ဝယ်လိုအား လျော့နည်းလာကာ ကုန်ပစ္စည်း တင်သွင်းသူများ အခက်အခဲများနှင့် ရင်ဆိုင် နေရကြောင်း သိရသည်။

''ကျွန်တော်တို့ ဒေသက နှမ်းနဲ့ ပဲမျိုးစုံကို အဓိက စိုက်ပျိုးတာပါ။ သီးနှံတွေမှာ ဓာတ်ကြွင်းတွေ ပါဝင်နေတယ်လို့ ဂျပန်နိုင်ငံ မစ်ဆူဘီရှီ ကုမ္ပဏီက ပြောတယ်။ ဂျပန်က နှမ်းကိုအဓိက ဝယ်ယူတဲ့ နိုင်ငံပါ။ လာမယ့်နှစ်ဆိုရင် တောင်သူ တွေ ပိုထိခိုက် နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကုမ္ပဏီတွေက ဝယ်တဲ့အခါမှာ ဓာတ်ကြွင်းကို သေချာ စစ်ဆေးပြီးမှ ဝယ်မှာ ဖြစ်လို့ပါ'' ဟု မကွေးတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၌ ၁၉၉ဝ ပြည့်နှစ် ဝန်းကျင်က စတင်စိုက်ပျိုး အောင်မြင်ခဲ့သည့် ပဲတီစိမ်း ကို ဓာတ်ကြွင်း ပြဿနာရပ်ကြောင့် တရုတ်(တိုင်ပေ) က မဝယ်ယူသည်မှာ သုံးနှစ်ခန့် ရှိပြီ ဖြစ်သည်။ တရုတ်(တိုင်ပေ) သို့ ဝင်ခွင့်ရသည့် ကွန်တိန်နာ တချို့ရှိပြီး ဝင်ခွင့်မရသည့် ကွန်တိန်နာ များကို ဗီယက်နမ် နှင့် တရုတ်နိုင်ငံ တို့သို့ တင်သွင်း ကြကြောင်း သိရသည်။

တရုတ်(တိုင်ပေ) ဈေးကွက် ပျောက်ပြီး နောက်ပိုင်း ဥရောပဈေးကွက် နှင့် အဆင်ပြေ ခဲ့သော်လည်း ၂ဝ၁၆ ခုနှစ် ဇွန်လတွင် ပဲပင်ပေါက် ဖောက်သည့် နယ်သာလန် စက်ရုံက ပဲများ၏ ဓာတ်ကြွင်း များသည် ယမန်နှစ်ကထက် ပိုများလာကြောင်း နှင့် မြန်မာနိုင်ငံ ၏ ပဲဈေးကွက်ကို စိုးရိမ်ကြောင်း အကြောင်းကြား ခဲ့သည်။

''အဓိက ကတော့ ပိုးသတ်ဆေးပါ။ ဘယ် ပိုးသတ်ဆေးပဲ ဖြစ်ဖြစ် မြန်မာစာ အညွှန်း ပါရမယ်။ မြန်မာစာအညွှန်း မပါဘဲနဲ့ ဈေးကွက်ထဲမှာ ရောင်းချရင် အဲဒီ ပိုးသတ်ဆေး အားလုံးက ဘယ်လောက်ပဲ အရည်အသွေး ရှိနေပါစေ တရားမဝင် ဆေးလို့ သတ်မှတ်ပါတယ်။ တောင်သူတွေက ဖတ်မရလို့ နားမလည်တဲ့ ဆေးကို ဘယ်လိုအညွှန်းနဲ့ ဘယ်လို မှန်ကန်အောင် အချိုးအဆ ထည့်သုံးရမယ် ဆိုတာ မသိနိုင်လို့ပါ။ ထွက်လာတဲ့ပဲ၊ နှမ်း အရည်အသွေး မှာ ဓာတ်ကြွင်း ဘယ်လောက် ကျန်မလဲဆိုတာ မခန့်မှန်း နိုင်လို့ပါ။ ဒါကြောင့် မြန်မာစာအညွှန်း ပါတဲ့ ဆေးကိုသုံးကြပါ။ ဆေးအညွှန်း အတိုင်း အတိအကျ သုံးနိုင်လို့ရှိရင် ပစ္စည်းရဲ့ အရည်အသွေး ကလည်း စိတ်ချရတဲ့ ပစ္စည်းဖြစ်လာ မယ်'' ဟု စိုက်ပျိုးရေး ဦးစီးဌာန သီးနှံ ကာကွယ်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး ကပြောသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment