Pages

Monday, January 9, 2017

ပုပ္ပားတောင်ဝန်းကျင်တွင် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် စစ်တမ်းကောက်ယူမူ လုပ်ဆောင်နေ




ပုပ္ပါး ၊ ၉-၁-၂၀၁၇

ပုပ္ပားတောင် ဝန်းကျင်တွင် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် စစ်တမ်းကောက်ယူ မူများကို ၂၀၁၇ ဇန်နဝါရီလ ပထမအပတ်တွင် စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း ပုပ္ပားတောင် ချစ်သူများ အသင်းမှ နာယက ဆရာတော် ဘဒ္ဒန္တယုဇန က မိန့်ကြားသည်။

အဆိုပါ သဘာဝအခြေပြု ခရီးသွားလုပ်ငန်း အဖြစ် ဒေသခံကျေးရွာ များ၏ ဓလေ့စရိုက်များ၊ မြန်မာ့ရိုးရာ အစားအစာများ၊ ဆီကြိတ် သရုပ်ပြခြင်း၊ ထယ်ထိုး သရုပ်ပြခြင်း၊ သဘာဝ ဖြစ်ပေါ်နေသော အလှကျောက်များ၊ ဝါးဖြင့်ပြု လုပ်သော တည်းခိုဆောင် များဖြင့် သာယာလှပကာ ဒေသခံများက ညကျေးရွာ အလိုက် ဝင်ကြေး ကောက်ခံမည် ဖြစ်ပြီး စီးပွားရေး၊ လူမူရေး ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ကြောင်း သိရသည်။

"ပုပ္ပားတောင်တို့၊ ပုဂံတို့လာရင်းနဲ့ အခု eco-Tourism ဖော်ဆောင်မယ့် နေရာကို လာမယ်ဆိုရင် ဒေသထွက် ပစ္စည်းတွေ၊ ယွန်းထည်တွေ ရောင်းချမယ်။ ဝင်ကြေးတွေ ရရှိမယ်ဆိုရင် ဒေသဖွံ့ဖြိုးရေး အတွက် အများကြီး အဆင်ပြေ လာနိုင်တယ်။ သဘာဝအတိုင်း ထိန်းသိမ်းနိုင်အောင် လုပ်ပြီး တန်ဖိုးမြင့်တက် လာပြီး နိုင်ငံခြားသားတွေ လေ့လာလည်ပတ် နားခိုနိုင်ရန် နဲ့ ဒေသဝင်ငွေ တိုးပွားဖို့ပါ" ဟု ဆရာတော် ဘဒ္ဒန္တယုဇန က မိန့်ကြားသည်။

ယင်းကဲ့သို့ သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ဘူမိဗေဒ ပညာရှင်များ၊ ယူနက်စကို အဖွဲ့များ၊ သက်ဆိုင်ရာ တာဝန်ရှိသူ များဖြင့် ပုပ္ပားဒေသ ဝန်းကျင်တွင် စစ်တမ်း ကောက်ယူမူများ လုပ်ဆောင်နေပြီး ကျေးရွာ များတွင် အစည်းအဝေးများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

"အခုလို ဖော်ဆောင်တာကို အလောတကြီး မလုပ်ဘဲနဲ့ EIA၊ SIA ကအစ စစ်သင့်ပါတယ်။ အခုလို စစ်တမ်းကောက် တာတွေ၊ လုပ်ဆောင်တာ တွေကတော့ ၂ နှစ်အတွင်းမှ ၈၀ ရာခိုင်နှုန်းလောက် တော့ပြီးနိုင်တယ် လို့ ယူနက်စကို က တာဝန်ရှိသူ ဦးသန်းထွန်း ကတော့ ပြောပါတယ်။ နိုင်ငံခြားသား တွေရဲ့လုံခြုံရေးကိုလည်း စောင့်ရှောက်ပြီးသား ဖြစ်မှာပါ။ ပုဂံဒေသမှာတောင် အမှိုက်လုံးဝ ကင်းစင်နေပါပြီ" ဟု ပုပ္ပါးတောင် ချစ်သူများ အသင်းမှ ဒုတိယဥက္ကဌ ဆရာတိုး က ပြောသည်။

စစ်တမ်း ကောက်ခြင်းများ ပြုလုပ်ပြီးပါက သက်ဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြသွားမည်ဖြစ်ပြီး သဘာဝ သစ်တောများ၊ ရေထွက်များ မပျက်စီးစေရန်နှင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေး တိုးတက်စေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ ပုပ္ပားတောင်ချစ်သူများ အသင်းသည် သဘာဝပတ်ဝန်းကျင် နှင့် ဒေသခံလူမူစီးပွား မြှင့်တင်ခြင်းများကို အဓိက လုပ်ဆောင်ပြီး တောင်သူ အသိပညာ မြှင့်တင်ခြင်းများနှင့် ပုပ္ပားတောင်တက်ပွဲ များတွင် ဦးစီးဦးဆောင် ဆောင်ရွက်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment