Pages

Monday, January 2, 2017

လွတ်လပ်ရေး နှင့် ဒီမိုကရေစီ


လွတ်လပ်ရေး နှင့် ဒီမိုကရေစီ

ကိုလိုနီနယ်ချဲ့ ဝါဒဖြင့် မြန်မာနိုင်ငံကို နှစ်ပေါင်း ၁ဝဝ ခန့် သိမ်းပိုက်ခဲ့သော အင်္ဂလိပ်တို့ ထံမှ မြန်မာနိုင်ငံ လွတ်လပ်ရေး ပြန်လည်ရရှိ ခဲ့သည်။ လွတ်လပ်ရေးအတွက် မြန်မာပြည်သူ၊ ပြည်သား တိုင်းရင်းသား အပေါင်းတို့က နှစ်ပေါင်းများစွာ ကြိုးစားအားထုတ် ခဲ့ကြရသည်။ အသက် သွေးချွေး ပေါင်းများစွာ ပေးဆပ်ရင်းနှီး ခဲ့ကြရသည်။

ထိုကဲ့သို့ အရင်းအနှီး ပေးဆပ်မှု ကြီးမားသော မြန်မာတို့ ပြန်လည်ရရှိ ခဲ့သည့် လွတ်လပ်ရေး သည် အလွန်ပင်တန်ဖိုးကြီးမားလှသည်။ တန်ဖိုးကြီးမားပြီး အဖိုးမဖြတ်နိုင်သည့် လွတ်လပ်ရေးကို နှစ်နှစ်ကာကာ မြတ်နိုးကြရန် လိုသည်။ ထို့ပြင် အဖိုးတန်လှသော လွတ်လပ်ရေးကို မိမိတို့ လက်ဝယ် ရေရှည်တည်တံ့ စေရန်နှင့် ပြန်လည်ဆုံးရှုံးမသွားစေရန် အထူးအလေးထား ၍ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန် လိုသည်။

လွတ်လပ်ရေး ဟူသည် စည်းကမ်းမဲ့စွာဖြင့် မိမိတို့လုပ်ချင်ရာ၊ မိမိတို့ဆန္ဒ အတိုင်း လုပ်နိုင်သည့် အခြေအနေ မဟုတ်သည်ကို လည်းကောင်း၊ အစွန်းရောက်သည့် သဘောရှိသော အခြေအနေမျိုး မဟုတ်ကြောင်း ကိုလည်းကောင်း လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း က ပြောကြားခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး စသည့် အရေးပေါင်း များစွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒီမိုကရေစီ နိုင်ငံရေး ယန္တရားဖြင့် ကြိုးစားအားထုတ် လုပ်ဆောင်လျက် ရှိသည်။ ဒီမိုကရေစီ ဆိုသည်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဆန္ဒ ထုတ်ဖော်ခွင့် ရှိသည်ဟု သဘောပေါက် ကြသည်။ သို့သော် ထိုလွတ်လပ်မှု သည် ဆိုးကျိုး သက်ရောက်မှု မရှိသော၊ ထိခိုက်မှု မဖြစ်စေသော လွတ်လပ်မှုမျိုး ဖြစ်ရမည်။

ဒီမိုကရေစီ ဆိုသည်မှာ လူအများစု၏ ဆန္ဒအတိုင်း လူအများစု အကျိုးအတွက် လုပ်ဆောင်သော စနစ်ဟု သာမန် အတွေးဖြင့်ပင် နားလည်နိုင်သည်။ ထို့ကြောင့် ဒီမိုကရေစီ စနစ်၏ အခြေခံ အကြောင်း တရားသည် လူအများစု၏ ဆန္ဒဖြစ်ပြီး အခြေခံ အကျိုးတရားသည် အကျိုးစီးပွား ဖြစ်ထွန်းမှု ဖြစ်သည်။

နိုင်ငံရေးတွင် ဒီမိုကရေစီ ယန္တရားကျင့်သုံး သကဲ့သို့ စီးပွားရေး တွင်လည်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် ပိုမို ကောင်းမွန်သည့် လွတ်လပ်သော ဈေးကွက်စနစ်ကို ကျင့်သုံးကြရမည် ဖြစ်သည်။

ဈေးကွက်စနစ် ဆိုသည်မှာ ဈေးကွက် အင်အားစုဖြစ်သည့် ဝယ်လိုအားနှင့် ရောင်းလိုအား တို့ကို လွတ်လပ်စွာ လှုပ်ရှားခွင့် ရှိသည့်စနစ် ဖြစ်သည်။

သို့ဖြစ်ရာ လွတ်လပ်ခြင်း ဆိုသည့် အယူအဆသည် အားလုံးတို့၏ စိတ်ကူးထဲတွင် ရှိနေသည့် အပြုအမူမျိုးကို ရရှိနိုင်မည် မဟုတ်ပေ။ ရေရှည်တည်တံ့ စေသော လွတ်လပ်မှု မျိုးသည် တရားမျှတမှုက အဓိက ကျသည်။ ထို့ကြောင့် တာရှည်ခံမည့် ဒီမိုကရေစီ စနစ်၊ ဈေးကွက်စနစ် တို့ကို ဖြစ်ထွန်း ပေါ်ပေါက် လာစေရန် ကြိုးပမ်းထိန်းသိမ်း ကြရမည် ဖြစ်ပါကြောင်း ရတနာပုံ က တိုက်တွန်းရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment