Pages

Monday, January 23, 2017

ခရီးသွားလုပ်ငန်း ဖော်ဆောင်ထားသော ဆင်စခန်း ၁၂ ခုမှ အကျိုးအမြတ်များကို ဆင်များနှင့် ဆင်ထိန်းများအတွက် အသုံးပြုမည်



နေပြည်တော် ၊ ၂၃-၁-၂၀၁၇

မြန်မာနိုင်ငံအတွင်း ခရီးသွားလုပ်ငန်း များအဖြစ် ဖော်ဆောင် ထားသော ဆင်စခန်း ၁၂ ခုမှ အကျိုးအမြတ် များကို ဆင်များနှင့် ဆင်ထိန်းများ၏ လူနေမှုဘဝ မြှင့်တင်ရေး အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တော ဦးစီးဌာန (သစ်လုပ်ငန်း) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ဆင်စခန်း အများစုသည် တောနက်အတွင်း ရှိနေခြင်းကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများ သွားလာရေး လွယ်ကူ စေနိုင်မည့် နေရာများ၊ ခရီးသွား အေဂျင်စီများ အဆင်ပြေ စေမည့် လမ်းကြောင်းများ၊ ဆင်စခန်းနှင့် ဆုံနိုင်မည့် နေရာနှင့် ရှုခင်းကောင်းသော နေရာများ၌ ရွေးချယ်ဆောင်ရွက် ထားကြောင်း၊ လက်ရှိဖော်ဆောင် ထားသော ဆင်စခန်းများ အပြင် တခြားဆွဲဆောင်မှု ရှိသော ဆင်စခန်း များကိုလည်း တိုးချဲ့သွားရန် ရှိပြီး ဆင်စခန်း များ၌ ဆင်အကောင်ရေ ၁ဝ ကောင်မှ ၂ဝ အတွင်းထားရှိ သွားမည် ဖြစ်ကြောင်း၊ ခရီးသွား ဧည့်သည်များထံမှ ရရှိသော အကျိုးအမြတ် များကို ဆင်များနှင့် ဆင်ထိန်းများ အတွက် အသုံးပြုမည် ဖြစ်ပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေ ပေးခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ယင်းဆင်စခန်း များသို့ လာရောက် လည်ပတ်သော ပြည်တွင်း၊ ပြည်ပ ခရီးသွားများကို ဝင်ကြေး ကောက်ခံရာတွင် ပြည်တွင်း ခရီးသွား တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝ၊ ဆင်စီးခ အနေဖြင့် ငွေကျပ် ၃ဝဝဝ ကျသင့်မည် ဖြစ်ကြောင်း၊ ပြည်ပခရီးသွား တစ်ဦးလျှင် ဝင်ကြေးငွေကျပ် ၂ဝဝဝဝ၊ ဆင်စီးခ အနေဖြင့် ငွေကျပ် ၂ဝဝဝဝ ကောက်ခံမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားအများစုက စိတ်ဝင်စားမှု ရှိသောကြောင့် ပဲခူးရိုးမ အတွင်း သစ်ထုတ်လုပ်ငန်း များမှ ရပ်နား လိုက်သဖြင့် ကျန်ရှိနေသော ဝန်တင်ဆင်များ၊ ဆင်အိုများဖြင့် မြန်မာနိုင်ငံရှိ ဆင်စခန်း ၁၂ ခုကို သဘာဝ အခြေပြု ခရီးသွားလုပ်ငန်း အဖြစ် ပြောင်းလဲ ဖော်ဆောင်ပေး ထားခြင်းဖြစ်သည်။

သဘာဝအခြေပြု ခရီးသွားလုပ်ငန်း အဖြစ် ပြောင်းလဲဖော်ဆောင် ပေးထားသော ဆင်စခန်းများမှာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၉) အနီးရှိ ဝင်ကပေါ် ဆင်စခန်း၊ ဖြူးမြို့ရှိ မှော်ယောကြီး ဆင်စခန်း၊ တောင်ငူမြို့ရှိ ဖိုးကျား ဆင်စခန်း၊ ပြည်မြို့ရှိ နတ်မော်ဆင် စခန်း၊ သာယာဝတီမြို့ရှိ မြိုင်ဟေဝန်ဆင် စခန်း၊ ပေါက်ခေါင်းမြို့ရှိ ပေါ်လန်ကြီး ဆင်စခန်း၊ ရွှေကျင်မြို့ရှိ ဝဲမဆင်စခန်း၊ သပိတ်ကျင်းမြို့ရှိ ဝါးဖြူတောင် ဆင်စခန်း၊ ကသာမြို့ရှိ နတ်မောက်ဆင် စခန်း၊ ရခိုင်ပြည်နယ်ရှိ ငပလီ ဆင်စခန်း၊ ဧရာဝတီ တိုင်းဒေသကြီးရှိ ငွေဆောင် ဆင်စခန်းနှင့် မော်လိုက်မြို့ရှိ ပျားစွဲဆင်စခန်း တို့ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment