Pages

Monday, January 16, 2017

ပုဂံတွင် နေ၀င်ချိန်ကြည့်ရန် သီးသန့်နေရာများ ရှာဖွေဖော်ထုတ်ပြီး ဘုရားများပေါ် တက်ရောက် ကြည့်ရှုခွင့် လျှော့်ချမည်



ညောင်ဦး ၊ ၁၆-၁-၂၀၁၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်း နေဝင်ချိန် ရှုခင်းကြည့်ရှုရန် သီးသန့်နေရာများ ရှာဖွေ ဖော်ထုတ်၍ ဘုရားများပေါ် သို့ တက်ရောက်ပြီး ရှုခင်း ကြည့်ရှုခွင့်အား လျှော့ချသွားမည် ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး မှ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်းသို့ လာရောက်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားများ အနေဖြင့် နေဝင်ချိန် ရှုခင်းများ ကြည့်ရှုနိုင်ရန် အတွက် သီးသန့် နေရာငါးခုထိ ရှာဖွေဖော်ထုတ် သွားမည်ဖြစ်ပြီး လက်ရှိတွင် အနောက် ဖွားစောရွာ အနောက်မြောက် ဘက်ရှိ ကိုမောက်ကန်ပေါင် ပေါ်၌ တစ်နေရာ ရွေးချယ်ထားပြီး ကျန်သည့် လေးနေရာအား ထပ်မံရှာဖွေလျက် ရှိကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးတင့် က ပြောပြသည်။ 

''ယာယီငြမ်းစင်တွေ ထိုးပြီး ရှုခင်းလဲ ကြည့်လို့ရမယ်။ ရှေးဟောင်းနဲ့ ယူနက်စကို က ကန့်ကွက်တဲ့ နေရာလဲ မဖြစ်တဲ့ နေရာတွေ ထပ်ရှာ နေပါတယ်။ နေရာတွေလုပ်ပြီး သွားရင်တော့ တိုင်းဒေသကြီး အစိုးရဆီ တင်ပြပြီး ဘုရားတွေပေါ် ကနေ ရှုခင်း တက်ကြည့်တာကို လျှော့ချ သွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

နေဝင်ချိန် ရှုခင်းကြည့်ရှုရန် နေရာများ စီစဉ်ပြီးပါက ဘုရားပေါ် တက်ခွင့် လုံးဝပိတ်ပင်ခြင်း မဟုတ်ဘဲ တက်ရောက ခွင့်အား အခကြေးငွေ ကောက်ခံခြင်း၊ တက်ရောက်ချိန် ကန့်သတ်ခြင်း စသည့် နည်းလမ်းများဖြင့် ဘုရားများပေါ် တက်ရောက်ခွင့်ကို လျှော့ချရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နေဝင်ချိန် ရှုခင်းကို နေ့စဉ် ဘုရားများပေါ်သို့ အမျိုးသမီးများပါ တက်ရောက်ကြည့်ရှု နေသဖြင့် အဂါဝရ ဖြစ်စေခြင်း၊ ဘုရားများ၏ ရေရှည် ကြံ့ခိုင်မှုကို ထိခိုက်နိုင်ခြင်း တို့ကြောင့် ယခုကဲ့သို့ တက်ရောက်ခွင့်ကို လျှော့ချရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

ကိုမောက်ကန်ပေါင် အမြင့်အား နေဝင်ချိန် ရှုခင်းကြည့်ရှု နိုင်ရန်အတွက် လက်ရှိကန်ပေါင် အမြင့် ၁ဝ ပေမှ ၁၄ ပေ နှင့် ၁၇ ပေအမြင့်ရှိ အဆင့်နှစ်ဆင့် ထိရောက်အောင် မြှင့်သွားမည် ဖြစ်ပြီး လုပ်ငန်းများကို တစ်လခွဲ အတွင်း စုစုပေါင်း ငွေကျပ်သိန်း ၅၀၀ ကျော် အကုန်အကျခံ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပုဂံဒေသ ရှုမျှော်ခင်းများ ကြည့်ရှုရန်အတွက် ငလျင်လှုပ်ပြီး နောက်တွင် ရွှေဆံတော်၊ ပြသာဒ်ကြီးနှင့် တောင်ဂူနီဘုရား တို့ပေါ်မှသာ ရှုမျှော်ခင်းများ ကြည့်ရှု ခွင့်ပြုထားကြောင်း အဆိုပါ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment