Pages

Thursday, January 5, 2017

ပုဂံဘုရားများအား ငလျင်ဒဏ်ခံနိုင်သည့် ကြံ့ခိုင်မှုရှိ-မရှိ စစ်ဆေးသွားမည်



ညောင်ဦး ၊ ၅-၁-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ ရှိ ဘုရားများကို ငလျင်ဒဏ်ခံ နိုင်သည့် ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မြန်မာနိုင်ငံ ငလျင်ကော်မတီမှ သိရသည်။

''ပြီးခဲ့တဲ့ နှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ ဘုရားတွေကို ယဉ်ကျေးမှု ဝန်ကြီးဌာနတို့၊ ယူနက်စကို တို့က ပြန်ပြီး ပြုပြင်မယ်ဆိုတော့ ကျွန်တော်တို့က ဘာလုပ်နိုင် မလဲဆိုတာ စဉ်းစားတယ်။ ပုဂံဘုရားတွေ ငလျင်ဒဏ် ခံနိုင်သည့် ကြံ့ခိုင်မှု ရှိ၊မရှိ စစ်ဆေးမယ် ဆိုတာ ပေါ်လာတယ်။ ဒါကြောင့် ဒီလိုစစ်ဆေး တာကို လုပ်ဆောင် သွားမှာဖြစ်တယ်။ ခုဟာက လုပ်မယ့်လုပ်ငန်း တွေကို တွက်ချက်နေတုန်း ရှိပါသေးတယ်'' ဟု မန္တလေးတိုင်း ဒေသကြီး မြန်မာနိုင်ငံ ငလျင်ကော်မတီမှ အတွင်းရေးမှူး ဦးမျိုးသန့် က ပြောပြသည်။

ပုဂံဘုရားများကို ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးပြီး ထွက်ရှိလာသည့် အဖြေပေါ် မူတည်ကာ ပြုပြင်သင့်သည့် ဘုရားများကို ပြုပြင်ရန် သက်ဆိုင်ရာ ဌာနသို့ အကြံပြု တင်ပြသွားမည် ဖြစ်သည်။

အဆိုပါ ပုဂံဒေသတွင် ၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော ၆ ဒသမ ၈ ရစ်(ခ်ျ)တာ စကေး ပြင်းအားရှိသည့် ငလျင်ကြောင့် ဂူဘုရား ၂၅၈ ဆူ၊ စေတီ ၁ဝ၄ ဆူ၊ အုတ်ကျောင်း ၁၃ ကျောင်းတို့ ပျက်စီးခဲ့ပြီး စစ်ဆေးမှု ပြုလုပ်နိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ အကြောင်းကြား သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ်များ အတွက် မြန်မာနိုင်ငံ ငလျင် ကော်မတီက ဦးဆောင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းကလည်း ပူးပေါင်းကူညီ သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment