Pages

Friday, January 6, 2017

နှစ် ၁၀၀ ကျော် (၉၉)တံခါးတိုက်ကျောင်း ကို ရှေးဟောင်းအမွေအနှစ် အဖြစ် မင်းဘူးမြို့နယ် ကြာကန်ရွာတွင် ယနေ့တိုင် ထိန်းသိမ်းထား



မင်းဘူး ၊ ၆-၁-၂၀၁၇

မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် ကြာကန်ကျေးရွာ ၏ မြောက်ဘက် လေးဖာလုံခန့် အကွာတွင် ရှေးနှစ်ပေါင်း ၁ဝဝ ကျော်က ဆောက်လုပ် လှူဒါန်းခဲ့သော (၉၉)တံခါးတိုက် ကျောင်းကြီးကို ယနေ့တိုင် ရှေးဟောင်း အမွေအနှစ် အဖြစ် ထိန်းသိမ်း ထားကြောင်း သိရသည်။

(၉၉)တံခါးတိုက် ကျောင်းကြီး ကို ဦးမြတ်ကျော်-ဒေါ်ဗိုင်းဗုံ တို့က ၁၂၇၅ ခုနှစ်က ဆောက်လုပ်လှူဒါန်း ခဲ့ခြင်းဖြစ်သည် ဟူသော မုခ်ဦး၌ ရေးထိုးထားသည့် ကောင်းမှုရှင် ကမ္ပည်းစာတန်း လည်းရှိပြီး ကျောင်းထိုင် ဆရာတော် အဆက်ဆက် သီတင်းသုံးခဲ့သည် ဆိုသော ကနုတ်ပန်းများ ပါသည့် ရှေးဟောင်းကျွန်း ခုတင်ကြီးနှစ်လုံး အပြင် ပြိုင်လှေကြီး တစ်စင်း ရှိသေးကြောင်းလည်း သိရသည်။ တိုက်ကျောင်းကြီး ၏ ပန်းရန် ဆရာမှာ အိန္ဒိယမှ ခေါ်ယူခဲ့ပြီး (၉၉) တံခါးတိုက် ကျောင်းကြီး တည်ဆောက်ရာတွင် ထိုစဉ်က ကုန်ကျငွေမှာ ငွေဒင်္ဂါးတစ်တင်း ကုန်ကျခဲ့သည် ဟု သိရသည်။

''တိုက်ကျောင်းတော်ကြီး မှာ ဆရာတော်လေးဆက် ကျောင်းထိုင်ခဲ့တယ်။ တံခါးပေါက် (၉၉) ပေါက် ဖောက်ထားတယ် လို့ သိရတယ်။ တံခါးတွေက နှစ်ထပ်တံခါးတွေ အပြင်မှာ ပျဉ်တံခါး၊ အတွင်းက မှန်တံခါးဖြစ်တယ်။ ဘုရားခန်း အပါအဝင်၊ ဆင်ဝင်လေးခု၊ အခန်းလေးခန်း၊ ဆင်ဝင်လေးခုလုံး မှာ အတက်လှေကားတွေ တပ်ဆင်ထားတယ်။ အခန်းအကျယ် အလျား ၁၂ ပေ x အနံ ကိုးပေ ရှိတယ်။ (၉၉)တံခါးတိုက် ကျောင်းကြီးရဲ့ အမြင့်က ပေ၅ဝ ရှိပြီး အလျားပေ ၆ဝx အနံပေ ၆ဝ ရှိတယ်။ မျက်နှာကြက် က ကျွန်းပျဉ်တွေနဲ့ ရိုက်ထားပြီး ဖွင့်လို့ပိတ်လို့ ရတဲ့ လေဝင်ပေါက် တစ်ခုလဲရှိတယ်'' ဟု လက်ရှိ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တစန္ဒာဝရက မြွက်ကြားသည်။

တိုက်ကျောင်းအတွင်း၌ စကျင် ကျောက်တိုင်ကြီး များနှင့် တူသော တိုင်ကြီးများမှာ လူတစ်ဖက်စာခန့် တုတ်သည်။ ထိုကျောက်တိုင် လုံးကြီးများ၏ ထိပ်အုပ်ကို ကနုတ်ပန်းများဖြင့် ဖော်ပြထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment