Pages

Monday, December 5, 2016

မိုးယွန်ကြီးအင်း ဘေးမဲ့တောသို့ ဆောင်းခိုငှက်များ စတင်ဝင်ရောက် နှစ်စဉ် ဆောင်းခိုငှက်ပေါင်း ၂၀၀၀၀ ခန့် လာရောက်ဆောင်းခိုလေ့ရှိ



ပဲခူး ၊ ၅-၁၂-၂၀၁၆

မြန်မာနိုင်ငံရှိ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လည်ပတ်လျက် ရှိသည့် မိုးယွန်းကြီးအင်း ဘေးမဲ့တော အပန်းဖြေစခန်းသို့ ဆောင်းခိုငှက်များ စတင်ဝင် ရောက်လျက်ရှိရာ နှစ်စဉ် ဆောင်းခိုငှက် အကောင်ရေ ၂ဝဝဝဝ ခန့် လာရောက် ဆောင်းခိုလေ့ ရှိကြောင်း မိုးယွန်းကြီးအင်း ဘေးမဲ့တော အပန်းဖြေစခန်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ မိုးယွန်းကြီးအင်း ဘေးမဲ့တောသည် မြန်မာနိုင်ငံ၌ ပထမဆုံးသော ရမ်ဆာ ကွန်ဆာဗီးရှင်း ရေတိမ်ဒေသ ထိန်းသိမ်းနယ်မြေ အဖြစ် သတ်မှတ်ခြင်း ခံရပြီး ဆောင်းခိုငှက် ဝင်ရောက်မှုများပြား ခြင်းကြောင့် တစ်ရက်လျှင် လာရောက် လေ့လာသူ ၁ဝဝ ခန့်ရှိကြောင်း သိရသည်။ အလားတူ ရုံးပိတ်ရက် များတွင် လေ့လာသူ ၆ဝဝ ခန့်လာရောက် လည်ပတ်ပြီး ဝင်ကြေး အနေဖြင့် နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝ သတ်မှတ် ထားပြီး နိုင်ငံသား တစ်ဦးလျှင် ငွေကျပ် ၅ဝဝ သတ်မှတ် ထားကြောင်း သိရသည်။

လက်ရှိတွင် ဆောင်းခိုငှက်များ တဖြည်းဖြည်း ဝင်ရောက်နေပြီး ဒီဇင်ဘာနှင့် ဇန်နဝါရီလ တွင် အများဆုံးဝင်ရောက် တတ်ကြောင်း သိရသည်။

ဝင်ရောက်မှုများသော ဆောင်းခိုငှက် အမျိုးအစားများမှာ စစ္စလီ၊ ဝမ်းဘဲ၊ ရေကြက်၊ တင်ကျည်း စသည့်ဌာနေ ငှက်မျိုးစိတ် ၉ဝ ခန့်နှင့် ဧည့်ဆောင်းခို ငှက်မျိုးစိတ် ၆၅ မျိုး စုစုပေါင်း ၁၅၅ မျိုးခန့် ကျက်စားလေ့ ရှိသည်။ ၁၉၈၈ ခုနှစ်မှ စတင်၍ မိုးယွန်းကြီးအင်း ဘေးမဲ့တောကို ပြည်တွင်း ရေပျော်ငှက် များနှင့် ရာသီအလိုက်ပြောင်းရွှေ့ နေထိုင်သော ဆောင်းခိုငှက် များ၏ နေရင်းဒေသ များကို ထိန်းသိမ်း ကာကွယ်ရန်၊ ပြည်တွင်းပြည်ပ လေ့လာသူများ အပန်းဖြေနိုင် စေရန်နှင့် သဘာဝခရီးသွား လုပ်ငန်းကို အထောက်အကူ ပြုစေရန် ဘေးမဲ့အင်း အပန်းဖြေစခန်း အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment