Pages

Wednesday, December 21, 2016

ပုပ္ပါးတောင်မကြီး ဧရိယာအတွင်း အင်ကြင်းကျောက်ဖြစ် ရုပ်ကြွင်းများ တွေ့ရှိ



ပုပ္ပါး ၊ ၂၁-၁၂-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်း မြို့နယ် ပုပ္ပားတောင်မကြီး ဧရိယာ အတွင်းရှိ သံဘိုကျေးရွာ အုပ်စု သံဘိုရွာသစ် အနီး၌ နှစ်ပေါင်းသန်း နှင့်ချီ၍ တည်ရှိနေသော သစ်ပင် ကျောက်ဖြစ်ရုပ်ကြွင်း (အင်ကြင်းကျောက်) များတွေ့ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်း များကို သံဘိုရွာသစ် အနောက် မြောက်ဘက် ၃ ဖာလုံခန့် အကွာရှိ လှည်းဘီးကွဲ ရိုးသဲချောင်း အတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သစ်ပင်၏ ပင်စည် အနေအထားမှာ အပိုင်းသုံးပိုင်း ဖြစ်နေပြီး ပထမအပိုင်းမှာ အရှည် ၁၇ ပေ ၇ လက်မ၊ ဒုတိယအပိုင်းမှာ ၁၂ ပေခန့်နှင့် တတိယ အပိုင်းမှာ လက်ရှိအချိန်ထိ ၂၈ ပေတူးဖော် တွေ့ရှိထားပြီး ဖြစ်သည်။

ထို့ပြင် ရုပ်ကြွင်းများ တွေ့ရှိရာ နေရာ၏ မြောက်ဘက် ကိုက် ၁၅ဝ ခန့်အကွာတွင် ကမ်းပါးယံ အမြစ်ဆုံသဖွယ် လုံးပတ် ၈ ပေကျော်ခန့် ရှိသည့် ကျောက်မြစ်ဆုံ ရုပ်ကြွင်း တစ်ခုကိုလည်း ထပ်မံတွေ့ရှိ ထားကြောင်း သိရသည်။

''အဲဒီ ကျောက်တိုင်ကြီး ကို တွေ့နေမြင်နေ ပေမယ့် ကျောက်ဖြစ် ရုပ်ကြွင်းလို့ မသိခဲ့ကြဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ပုပ္ပားတောင် ချစ်သူများအသင်းနဲ့ ဘူမိဗေဒ ပညာရှင် ဦးသန်းထွန်း တို့အဖွဲ့ ရောက်လာပြီး အတည်ပြု ပေးတော့မှ အဖိုးတန် ကျောက်ဖြစ် ရုပ်ကြွင်းတွေ ဆိုတာ သိခဲ့ကြရတာပါ။ သူတို့ရဲ့ ခန့်မှန်းချက် အရတော့ နှစ်ပေါင်း သုံးသန်းလောက် ရှိပြီလို့ ပြောပါတယ်။ ဒါတွေအကုန် တူးဖော်ပြီးရင် ဘူမိဗေဒ ပညာရှင်တွေနဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ လာရောက် လေ့လာ နိုင်အောင် ဘူမိပြကွက် တစ်ခုအနေနဲ့ ထားသွားမယ်။ ဒါကြောင့် ရွာက လူအင်အားနဲ့ တူးဖော်နေကြ တာပါ''ဟု သံဘိုကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်စိုး ကပြောသည်။

ကိုနေ (ကျောက်ပန်းတောင်း)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment