Pages

Friday, December 23, 2016

မူဆယ်မြို့ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီး တိုက်ပွဲများကြောင့် လမ်းပိတ်နေသဖြင့် သစ်သီးတင်ယာဉ်များ အဝင်နည်း



နေပြည်တော် ၊ ၂၃-၁၂-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန် အနီးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လမ်းပိတ်ဆို့ နေသဖြင့် သစ်သီးတင်ယာဉ်များ အဝင်နည်းပါး နေကြောင်း မူဆယ်မြို့ရှိ သစ်သီးဒိုင်များ ထံမှ သိရှိရသည်။

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် အနီး နမ့်တောင်းကျေးရွာ ၌ ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ ဖြစ်ပွားနေသည့် ဒေသတွင်း မတည်ငြိမ်မှု များကြောင့် လားရှိုးမှလာသည့် ယာဉ်များမှာ ဆက်လက်ထွက်ခွာ လာခြင်း မရှိတော့ဘဲ လမ်းခုလတ်တွင် ရပ်နားထား သဖြင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နေကြောင်း သိရသည်။

“နမ့်တောင်းဖက်မှာ တိုက်ပွဲတွေ ဖြစ်နေကြတော့ ဒေသခံတွေ ကလည်း စိုးရိမ်နေကြတယ်။ ဒါကြောင့် သစ်သီးကားတွေ ကလည်း အရင်တစ်ခေါက်ကလို ဖြစ်မှာစိုးရိမ်ပြီး မဝင်ကြတာပါ။” ဟု မူဆယ်မြို့မှ သစ်သီးပွဲရုံ ပိုင်ရှင် တစ်ဦးက ပြောသည်။

ယာဉ်ကြောပိတ်ဆို့ နေမှုကြောင့် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ သစ်သီးတင်ယာဉ် ၅၀ စီးခန့်သာ ဝင်ရောက်လာပြီး ဒီဇင်ဘာ ၂၀ ရက်က သစ်သီးတင်ယာဉ် ၁၅၀ စီးခန့်ဝင်ရောက် ခဲ့ကြောင်း သိရသည်။

“အဒေါ်တို့က အရင်တစ်ခါကလည်း တွေ့ကြုံခံစားဖူးလို့ လမ်းမှာနား နေတာပါ။ အခြေအနေကောင်း လောက်မှပဲ တက်ရောင်းတော့မယ်။ ဒီလိုအချိန်မှာတော့ ဝင်သမျှအသီး ရောင်းရပါတယ်။ တရုတ်ယွမ်ဈေး မကျဖို့ကိုပဲ ဆုတောင်းနေရမှာပါ။” ဟု လားရှိုးမြို့မှ သစ်သီးတင်ပို့သူ ဒေါ်နန်းအေး ကပြောသည်။

လက်ရှိတွင် သစ်သီးတင်ယာဉ် များကို ရောက်ရှိသည့်နေရာ၌ ရပ်တန့်ထားခြင်း ကြောင့် မူဆယ်ဈေးကွက်တွင် တင်ပို့သော အသီးမှန်သမျှကို ဝယ်လိုအား ရှိနေပြီး ဒီဇင်ဘာ၂၀ ရက် တရုတ်ယွမ်ဈေးကွက် တွင် တစ်ယွမ်လျှင် မြန်မာငွေ ၁၉၂ ကျပ်ရှိရာမှ ဒီဇင်ဘာ ၂၂ ရက်တွင် တစ်ယွမ်လျှင် မြန်မာငွေ ၁၉၄ ကျပ်အထိ ဈေးတက်လာ ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment