Pages

Friday, December 23, 2016

သံလွင်တံတား (ချောင်းဆုံ) ဒီဇင်ဘာလ တတိယအပတ်တွင် ၇၅ ရာခိုင်နှုန်းပြီးစီး



မော်လမြိုင် ၊ ၂၃-၁၂-၂၀၁၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်မှုမှာ ဒီဇင်ဘာလ တတိယအပတ်တွင် လုပ်ငန်း၏ ၇၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်သော်လည်း သံပေါင် တပ်ဆင်ခြင်း လုပ်ငန်းမှာ သတ်မှတ်ရက်ထက် ကြန့်ကြာ နေကြောင်း သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်ရေး စီမံကိန်းမှ သိရှိရသည်။

“သံပေါင် တပ်ဆင်ခြင်း လုပ်ငန်းက သတ်မှတ်ရက်ထက် အချိန်နည်းနည်း ပိုကြာတဲ့ အပေါ်မှာ သတ်မှတ်ကာလ အမီ ပြီးချင်လည်း ပြီးနိုင်သလို အချိန်နည်းနည်း စွန်းရင်လည်း စွန်းနိုင်ပါတယ်။” ဟု သံလွင်တံတား(ချောင်းဆုံ) တည်ဆောက်ရေး စီမံကိန်း တာဝန်ခံ ဦးသိန်းမြင့်မွန် က ပြောသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတား တည်ဆောက်ရေး အဖွဲ့အနေဖြင့် သံပေါင် တပ်ဆင်ခြင်း လုပ်ငန်း အမျိုးအစား နှစ်ခုအနက် လွန်းထိုးသည့် စနစ်ဖြင့် သံပေါင် တပ်ဆင်ခြင်းကြောင့် ယင်းစနစ်သည် ကုန်ကျစရိတ် သက်သာသည့် အပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာန အနေဖြင့် မြန်မာပြည်၌ ပထမဦးဆုံး ဆောက်လုပ်သည့် စနစ်တစ်ခုလည်း ဖြစ်ကာ ၂၀၁၇ မတ်လ အကုန်တွင် တံတားပြီးစီးရန် လျာထားကြောင်း သိရသည်။

“ရန်ကုန်မှာ ခုံးကျော် တံတားတွေ တခြားခုံးပါတဲ့ တံတားတွေ တည်ဆောက်တဲ့ အခါမှာ သမရိုးကျ ငြမ်းပေါ်က တပ်ဆင်တဲ့စနစ်နဲ့ တည်ဆောက်တယ်။ ချောင်းဆုံတံတား တည်ဆောက်တဲ့ နေရာမှာ မြေပြင် အနေအထား အပေါ် မူတည်ပြီး ကရိန်းတွေ ဝင်ထွက်လို့ မရတဲ့အပိုင်းတွေ ရှိတယ်။ ဒါကြောင့် လွန်းထိုးစနစ်ကို အသုံးပြုရခြင်း ဖြစ်တယ်။”ဟု ဦးသိန်းမြင့်မွန် က ပြောသည်။

တံတားသံပေါင် များကို ဂျပန် နည်းပညာဖြင့် ဂျပန်-မြန်မာ ပူးပေါင်းကုမ္ပဏီ နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် တို့ ပူးပေါင်း၍ မြန်မာပြည်၌ ထုတ်လုပ်ခြင်း ဖြစ်ကာ တံတား တည်ဆောက်မှု နည်းပညာနှင့် ဒီဇိုင်းပိုင်းသည် မြန်မာ အင်ဂျင်နီယာ များ၏ လက်ရာဖြစ်ကြောင်း သိရသည်။

အဆိုပါ သံလွင်တံတား (ချောင်းဆုံ) ကို ပြည်ထောင်စု အစိုးရရန်ပုံငွေဖြင့် ငွေကျပ် ၅၉၈၀၀ သန်း အကုန်ကျခံ  တည်ဆောက်နေခြင်း ဖြစ်ကာ ချောင်ဆုံ-မော်လမြိုင် ခရီးစဉ်ကို နေ့စဉ် အနည်းဆုံး လူဦးရေ ၂၀၀၀ ဝန်းကျင် သွားလာ နေကြောင်း သိရသည်။

“ဒီတံတားက ကျွန်တော်တို့ ချောင်းဆုံမြို့ဒေသခံတွေရဲ့ အိမ်မက်ပါပဲ။ ဒီတံတား တည်ဆောက်တဲ့ အစိတ်အပိုင်း တစ်ခုပြီးတိုင်း ကျွန်တော်တို့ အိမ်မက်တွေ အကောင်အထည် ဖော်လာနိုင်တယ်လို့ မြင်မိတယ်။”ဟု ချောင်းဆုံ ဒေသခံ ဦးတင်ဝင်းအောင် က ပြောသည်။ မော်လမြိုင်မြို့မှ  ချောင်းဆုံမြို့နယ် သို့ သွယ်တန်းထားသည့် သံလွင်တံတား (ချောင်းဆုံ) တည်ဆောက်ရေး စီမံကိန်းကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး တံတား အမျိုးအစားမှာ သံမဏိသံပေါင် ခုံးတံတား အမျိုးအစား ဖြစ်ကာ တံတားအရှည်မှာ ၁၅၈၆ မီတာ၊ အကျယ်မှာ ၈ ဒသမ ၅ မီတာ ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment