Pages

Thursday, December 22, 2016

ပြည်တွင်း၌ တန်ဖိုးနည်းခေါက်အိမ်များ ရောင်းချပေးမည်



ရန်ကုန် ၊ ၂၂-၁၂-၂၀၁၆

အိမ်ရာ ဆောက်လုပ်ရန် ဆောက်လုပ်ရေး ပစ္စည်းကုန်ကျစရိတ် ကြီးမြင့်မှု များကြောင့် အခက်အခဲ ရှိနေသူများနှင့် အိမ်ရာ ဆောက်လုပ်ရာတွင် အချိန်ပြည့် စောင့်ကြည့်ရန် အချိန်မပေး နိုင်သည့် အိမ်ပိုင်ရှင်များ အတွက် Treasure Triangle ကုမ္ပဏီ မှ တန်ဖိုးနည်း ခေါက်အိမ်များကို ပြည်ပမှ မှာယူတင်သွင်း ရောင်းချပေးမည် ဖြစ်ကြောင်း ယမန်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်၌ ကျင်းပသည့် အိမ်ဆောက်ပစ္စည်း အရောင်းပြခန်း ဖွင့်ပွဲ အခမ်းအနားမှ သိရသည်။

အဆိုပါ တန်ဖိုးနည်း ခေါက်အိမ်များကို တရုတ်နိုင်ငံမှ တင်သွင်းခြင်း ဖြစ်ပြီး အကျယ်အဝန်းမှာ အလျား ၁၉ ပေ၊ အနံ ၈ ပေ ၂ လက်မနှင့် အမြင့် ၈ ပေ ၆ လက်မရှိသည့် Stree Structure ဖြစ်ပြီး အမိုးအကာများ မှာ အပူဒဏ် သက်သာသည့် Fire Proof ဖြစ်သော IEPS Panel ကို သုံးထားပြီး လုံခြုံမှုအတွက် ငလျင်ဒဏ်ခံနိုင်မှု Grade-7 နှင့် လေတိုက်ခတ်နှုန်းခံနိုင်မှု Grade-11 အထိခံနိုင်စေရန် ပြုလုပ်ထားသည်။ အဆိုပါ ခေါက်အိမ်တစ်လုံး လျှင် ငွေကျပ် သိန်း ၅ဝ သတ်မှတ် ထားကြောင်း သိရသည်။

''ဒီတန်ဖိုးနည်း ခေါက်အိမ်က ၂ဝ၁၆ ခုနှစ်ထွက် မော်ဒယ်ဖြစ်တဲ့ အတွက် လောလောဆယ် ယူအေအီး၊ ကာတာ၊ ဖိလစ်ပိုင်နဲ့ အမေရိကန် စတဲ့နိုင်ငံတွေမှာ အသုံးပြု ကြတယ်။ ဒါကို တရုတ်နိုင်ငံက တင်သွင်းတာပါ။ မြန်မာနိုင်ငံ အတွက်က ကျွန်တော်တို့ စာချုပ် ချုပ်ပြီးတော့ ဖြန့်ဖြူးဖို့ ကိုယ်စားလှယ် ယူထားပါတယ်''ဟု Treasure Triangle ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်ထူးအောင် ကပြောသည်။

အဆိုပါ ခေါက်အိမ်များသည် ၁ဝ မိနစ်အတွင်း တည်ဆောက်နိုင်၊ ဖြုတ်သိမ်းနိုင်ပြီး ခြံဝန်းအကျယ်ရှိပြီး အပန်းဖြေ ဘန်ဂလို ပုံစံထားချင်သူများ အတည်တကျ နေရာ၌ မထားလိုဘဲ ရွှေ့ပြောင်းနိုင်သည့် အပြင် Site Office ၊ Coffee Shop ၊ Mini Mart နှင့် တရားထိုင်ရန် အဆောင်စသည့် အဆောက်အအုံများ အတွက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ (ဆုလာဘ်)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment