Pages

Friday, December 23, 2016

ငရုပ်ကောင်းပင်လယ် ကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်လိုအပ်နေ


ဂေါ်ရန်ဂျီကျွန်း ၏ သဘာဝအလှကို တွေ့ရစဉ်

ငပုတော ၊ ၂၃-၁၂-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် ရှိ ငရုပ်ကောင်း ပင်လယ်ကမ်းခြေ ဒေသ၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရေး လမ်းပန်း ဆက်သွယ်ရေး တိုးတက် ကောင်းမွန်ရန် လိုအပ် နေသေးကြောင်း အနောက်ဘက် ကမ်းခြေ ခရီးသွားရပ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ သိရသည်။

ငရုပ်ကောင်း ပင်လယ်ကမ်းခြေ ဒေသရှိ ဂေါ်ရန်ဂျီကျွန်းမှာ သာယာလှပ၍ အနားယူ အပန်းဖြေရန် ကောင်းသော်လည်း ခရီးလမ်းဝေးကွာ၍ သွားလာရ ခက်ခဲသည့် အတွက် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် လိုကြောင်း ဒေသခံများနှင့် ခရီးသွားများထံမှ သိရသည်။

''ကျွန်းကတော့ သာယာပြီး လှလည်းလှတယ်။ ရေကလည်း ကြည်စိမ်း နေတာပဲ။ ဒါပေမဲ့ အဲဒီကို သွားရောက် အနားယူ အပန်းဖြေချင်သူတွေ အတွက် အဆင်မပြေ လောက်ဘူး။ ခရီးသွားတွေ အတွက် အစားအသောက်နဲ့ တည်းခိုရေး ကအစ အများကြီး လိုအပ် နေပါသေးတယ်'' ဟု ဂေါ်ရန်ဂျီကျွန်း မှပြန်လာသူ ခရီးသွား တစ်ဦးက ပြောသည်။

ဂေါ်ရန်ဂျီကျွန်း သို့ သွားရောက် လည်ပတ်မည် ဆိုပါက ပုသိမ်မြို့ ငရုပ်ကောင်း ကျေးရွာအုပ်စုမှ တစ်ဆင့် သွားရောက်ရမည် ဖြစ်သည်။

ယခင်က ငရုပ်ကောင်းကျေးရွာ အုပ်စုအနီးတွင် ဂေါ်ရန်ဂျီကျွန်း သို့ သွားလာနိုင်သည့် လမ်းခွဲတစ်ခု ဖောက်လုပ်ထား သော်လည်း ပြီးခဲ့သည့် မိုးရာသီက မိုးများ၍ လမ်းပျက်စီးသွား သောကြောင့် မော်တော်ယာဉ်နှင့် တိုက်ရိုက် သွားလာ၍ မရဘဲ ဆိုင်ကယ်များ၊ စက်လှေများဖြင့်သာ အဆင့်ဆင့် သွားနေရခြင်း ဖြစ်သည်။

လက်ရှိတွင် ဂေါ်ရန်ဂျီကျွန်း သို့ သွားရောက်ရန် ရန်ကုန်- ပုသိမ်- ငရုပ်ကောင်း အဝေးပြေး ခရီးစဉ်မှာ တစ်ရက်လျှင် အသွားတစ်စီး၊ အပြန်တစ်စီးသာ ရှိကြောင်း သိရသည်။

အဆိုပါဒေသရှိ ကျွန်းများနှင့် ချိုင့်များမှာလည်း ဧည့်သည် အဝင်အထွက် နည်းပါးသောကြောင့် သဘာဝအတိုင်း မပျက်မစီးဘဲ လှပနေဆဲဖြစ်ပြီး စွန့်စွန့်စားစား ခရီးသွားလိုသည့် လူငယ်များ အတွက် သင့်လျော်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment