Pages

Thursday, December 22, 2016

အင်္ဂပူတောကြီးတန်း အတွင်း ကျောက်ခေတ်က ဟု ယူဆရသော အသုံးအဆောင်ပစ္စည်းများ တွေ့ရှိ




အင်္ဂပူ ၊ ၂၂-၁၂-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး၊ အင်္ဂပူမြို့နယ်ရှိ အင်္ဂပူတောကြီးတန်း အတွင်း ကျောက်ခေတ်က ဟု ယူဆရသည့် လူ့အသုံးအဆောင် ပစ္စည်းများ တွေ့ရှိထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ ပစ္စည်းများမှာ ဆောက်သဖွယ် ချွန်ထက်သည့် ကျောက်ချောအပြားများ၊ ကျောက်ချော အ၀ိုင်းကွင်းများ၊ ကျောက်ပုဆိန်များ၊ ကျောက်ဖြစ်နေသည့် အရိုး၊ ခရုခွံများ၊ ပျူလက်ရာ မြေဆေးတံများ၊ ကြေးရုပ်တုများ၊ ကြေးခလောက် များကို အောက်တိုဘာလ အတွင်းမှစ၍ ဒေသခံများမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပစ္စည်းများကို အင်္ဂပူတောကြီးတန်း အနီးရှိ ကျပ်ပြင်တောရ ကျောင်းတိုက်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

"အစောပိုင်းက ကျောက်လက်နက် ပစ္စည်းတွေ ရှိတယ်ကြားလို့ ဦးဇင်းက ဒကာတွေဆီက အလှူခံတော့ ကျောက်ချောအ၀ိုင်းကွင်း တွေ ၀ိုင်းလှူပေး ကြတယ်။ နောက်ပိုင်းကျတော့ အဲ့သတင်းကြားပြီး အနားတစ်ဝိုက်က တခြားရွာ တွေကပါ ၀ိုင်းလှူပေးကြတာ။ ပစ္စည်းတွေကတော့ ပညာရှင်တွေ လာစစ်ဆေးကြည့်မှပဲ ဘယ်ခေတ်က၊ ဘယ်လိုသုံးတဲ့ ပစ္စည်းတွေဆိုတာ သိနိုင်လိမ့်မယ်။"ဟု ပျူမြို့ဟောင်းရှိ ကျပ်ပြင်တောရ ဆရာတော် ဦးပညာသီရိ က ပြော သည်။

အောက်တိုဘာလ အတွင်း အင်္ဂပူပျူမြို့ဟောင်း အနီးရှိ ကျေးရွာများမှ ဒေသခံများမှ လှူဒါန်းသည့် ကျောက်ခေတ် ကဟု ယူဆရသည့် အသုံးအဆောင်ပစ္စည်း ၂၀ ခု စုဆောင်း ရရှိပြီးနောက် တဖြည်းဖြည်း များပြားလာခဲ့ပြီး လက်ရှိ အချိန်တွင် ပစ္စည်းပေါင်း ၅၀ကို စုဆောင်းထိန်းသိမ်း ထားကြောင်း သိရသည်။ 

ပျူမြို့ဟောင်းအနီးတွင် ကျောက်ခေတ် အသုံးအဆောင်များ တွေ့ရသည်သာမက မြို့ဟောင်းနှင့် ၂ မိုင်ကျော် ဝေးသည့် ကျောက်တစ်လုံးကျေးရွာ အနီး ရခိုင်ရိုးမ တောင်ခြေတွင် ကျောက်ဖြစ်နေသည့် လူခြေရာ၊ လက်ရာများ ကိုလည်း တွေရှိထားကြောင်း ဒေသခံများထံမှ သိရသည်။ အင်္ဂပူတောကြီးတန်း နှင့် အနောက်ဘက် ၄ မိုင်ခန့်အကွာ ကျောက်တလုံးကျေးရွာ အနီး တောင်ညိုတောင်ရှိ ကျောက်တောင် များတွင် ကျောက်ဖြစ်နေသည့် လက်ရာ၂ ခု၊ ခြေရာ ၂ ခုနှင့် ၀လုံးပုံစံများ၊ တုတ်ဖြင့် ရေးခြစ် ထားသည်ဟု ယူဆရသည့် မြေပုံများ၊ တိရိစ္ဆာန်ခြေရာ ဟု ယူဆရသည့် ပုံသဏ္ဍာန်များ တွေ့ရှိရကြောင်း ကျောက်တစ်လုံး ကျေးရွာ ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ ငယ်ငယ်ကလေးဘ၀ ကတည်းက အဲဒီခြေရာ၊ လက်ရာတွေကို တွေ့ခဲ့ရတာ။ လူသူ အရောက်အပေါက် လည်းနည်းတော့ အမှုမဲ့အမှတ်မဲ့ နေလာတာ။အခုမှ ကျပ်ပြင်တော ရဆရာတော်ကို ပြောပြတော့မှ လူသိများပြီး ထင်ရှားလာတာပါ။ ဒီတောင်ညိုနေရာရဲ့ အပေါ်ဘက် ကျောက်ဂူထဲမှာ လူနေထိုင်ခဲ့တဲ့ အထောက်အထားတွေ ရှိခဲ့ပေမယ့် ရေတိုက်စားလို့ တစ်ဝက်လောက်က ပျက်စီးသွားပြီ။ ခြေရာတွေ သက်တမ်းက နှစ်ဘယ် လောက်ကြာပြီ ဆိုတာတော့ ပညာရှင်တွေ လာစစ်ဆေးရင် သိရမှာပါ။” ဟု အသက် ၇၀ အရွယ်၊ ကျောက်တစ်လုံး ကျေးရွာမှ ဦးတင်လှိုင်က ပြောသည်။ 

ပုသိမ်မြို့ရှိ ရှေးဟောင်း သုတေသနဌာန အနေဖြင့် ကျောက်ခြေရာ၊ လက်ရာနှင့် ကျောက်လက်နက် ဟု ယူဆရသော ပစ္စည်းဓာတ်ပုံများ လက်ခံရရှိထားပြီး အဆိုပါပုံများအား နေပြည်တော်ရှိ ယဉ်ကျေးမှုနှင့် သာသနာရေး ၀န်ကြီးဌာနရုံးချုပ် သို့ ဆက်လက်တင်ပြ ပေးသွားမည် ဖြစ်ကြောင်း ဌာနလက်ထောက် ညွန်ကြားရေးမှူး ဒေါ်သီတာဝင်း ထံမှ သိရသည်။ 

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ဒေါင်လန်ဖူးဒေသ နှင့် ဗန်းမော်ခရိုင်၊ စိန်လုံဒေသ ရေတံခွန်ခုနှစ်ဆင့် အနီးရှိ လင်းနို့ဂူတို့တွင် ကျောက်ဖြစ်နေသည့် ရှေးဦးလူတို့၏ ခြေရာများတွေ့ရှိ ထားသဖြင့် ပညာရှင်များ အနေဖြင့် သွားရောက် စစ်ဆေးသင့်ကြောင်း ဆရာ နိုင်ဇော် ရေားးသည့် ပျူနိုင်ငံတော်နှင့် ပျူနိုင်ငံသားများ စာအုပ်တွင် ရေးသားဖော်ပြ ထားသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment