Pages

Thursday, December 22, 2016

ခေတ္တရပ်နားထားသည့် ဂူချဲ့ထွင်ခြင်းလုပ်ငန်း အနီး၌ ခရီးသွားဧည့်သည်များ အန္တရာယ်ရှိနိုင်သည့် အတွက် သွားလာခွင့်ပိတ်ပင်



ပြင်ဦးလွင် ၊ ၂၂-၁၂-၂၀၁၆

ပိတ်ချင်းမြောင် မဟာနန္ဒမူ လိုဏ်ဂူတော် အတွင်း ရပ်နားထားသည့် ဂူချဲ့ထွင်ခြင်း လုပ်ငန်းအနီး၌ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အန္တရာယ် ရှိုနိုင်သည့်အတွက် သွားလာခွင့် ပိတ်ပင်ထားကြောင်း အဆိုပါလိုဏ်ဂူ ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ပိတ်ချင်းမြောင် လိုဏ်ဂူတော် သည် ဂူ၏အဝင်ဝမှ လိုဏ်ဂူတော် အဆုံးထိ ၁၆၀၈ ပေရှိပြီး လက်ရှိ ရှိနေသည့် ပေအားထက်မံတိုးချဲ့ နိုင်ရန်အတွက် ဇူလိုင်လမှစ၍ ဂူချဲ့ထွင်ခြင်း လုပ်ငန်းကိုစတင် ဆောင်ရွက်ခဲ့ပြီး ရေတက်ချိန် ဖြစ်သည့် သြဂုတ်လတွင် ဂူချဲ့ထွင်ခြင်း လုပ်ငန်းကိုရပ်နား ထားခဲ့ကြောင်း ယခုလက်ရှိ ဂူချဲ့ထွင်နေသည့် လုပ်ငန်းဝန်းကျင် အနီးနားတဝိုက်တွင် ပြည်တွင်းပြည်ပ ခရီးသွားများ အန္တရာယ်ဖြစ်ပေါ် နိုင်သည့်အတွက် သွားလာခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

''ဂူချဲ့တဲ့လုပ်ငန်းကိုတော့ အခုရပ်ထားတယ်။ ရေကျချိန်မှပြန်ပြီး လုပ်သွားဖို့ရှိတယ်။ ဒီလုပ်ငန်းမပြီးခင် အချိန်ထိကတော့ ခရီးသွားဧည့်သည် တွေအနေနဲ့ဂရုတစိုက် သွားလာဖို့လိုမယ်။ပြီးတော့ ဂူအဆုံးထိ သွားကြမယ့် ခရီးသွားတွေအနေနဲ့ မိမိတို့ရဲ့ ကလေးငယ်တွေကိုလည်း ဆော့ကစားခြင်းတွေ မပြုလုပ်ဖို့အတွက် ဂရုစိုက်ပေးဖို့ လိုပါတယ်။ ခုအခြေအနေက ဂူချဲ့ထားတဲ့နေရာမှာ ရေတွေပြည့်နေတော့ မတော်တဆ ပြုတ်ကျရင် အသက်အန္တရာယ်ကို တောင်စိုးရိမ်ရ ပါတယ်။ ဒါကြောင့်မို့ ဂူအဆုံးအနီးနားကို သွားတာတွေ မရှိစေဖို့သွားလာခွင့် ပိတ်ပင်ထားပါတယ်'' ဟု၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါလိုဏ်ဂူတော် ချဲ့ထွင်ခြင်းလုပ်ငန်း ကိုလည်း ရေကျချိန်ဖြစ်သည့် ဧပြီလမတိုင်မီတွင် ပြန်လည် လုပ်ဆောင်သွားမည့် အပြင် ၎င်းဂူချဲ့ထွင်နေသည့် အတွင်းပိုင်းတွင်လည်း ရှေးဟောင်းဘုရား စေတီပုထိုးများ၊ကျောက်ဖြစ်ရုပ်ကြွင်း နှင့် သဘာဝအတိုင်း စီးဆင်းနေသည့်ရေတံခွန်ပုံစံမျိုး ကိုလည်း ယခင်ရေကျချိန်တွင် တွေ့မြင်ခဲ့ ရကြောင်း သိရသည်။

ထို့အပြင် ၎င်းလိုဏ်ဂူတော် အတွင်း၌လည်း ပည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အတွက်လည်း အောက်ဆီဂျင် ပြတ်လပ်မှု မရှိစေရေးအတွက် လေဝင်ပေါက်နှစ်ပေါက် ဖောက်လုပ်ပေး ထားခြင်းကြောင့် ယခင်က ၂၇ ဒီဂရီဖာရင်ဟိုက် အပူချိန်ရှိခဲ့ရာမှ ၂၄ ဒီဂရီဖာရင်ဟိုက် အထိ လျော့ကျခဲ့ခြင်း ကြောင့်ဂူချဲ့ထွင်ခြင်း လုပ်ငန်းကို စတင်လုပ်ဆောင် ခဲ့ပြီးနောက်ပိုင်း ကာလ ဂူချဲ့ထွင်ပြီးစီး ပါက ခရီးသွားဧည့်သည် ဝင်ရောက်မှု အနေအထားကို ကြည့်ကာ အောက်ဆီဂျင် လေဝင်ပေါက်များအား ထပ်မံဖောက်လုပ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မဟာနန္ဒမူ ပိတ်ချင်းမြောင် လိုဏ်ဂူသို့လည်း နေ့စဉ် တစ်ရက်လျှင် ပြည်တွင်းပြည်ပ ခရီးသွားဝင်ရောက်မှု မှာ လူဦးရေ ၅၀၀၀ ကျော်ထိဝင်ရောက် လျှက်ရှိကြောင်း၊ ထို့အပြင် ၎င်းဂူချဲ့ထွင်ခြင်း လုပ်ငန်းအားလုံးပြီစီး ပါက လိုဏ်ဂူတော်ကြီးအား Green City အဖြစ် ဖော်ဆောင်သွားရန် ရှိကြောင်း၊ ၎င်းလိုဏ်ဂူတော် ကြီးသည် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ ၏ အရှေ့ဘက် (၁၂) မိုင်အကွာတွင် တည်ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment