Pages

Friday, December 30, 2016

ရေကျချိန် သောင်ထွန်းမှုများ ဖြစ်ပေါ်နေသောကြောင့် သင်္ဘောများသွားလာရာတွင် အချိန်ကြန့်ကြာမှုရှိသော်လည်း နစ်မြုပ်မှုထိ ဖြစ်နိုင်စရာမရှိ



မန္တလေး ၊ ၃၀-၁၂-၂၀၁၆

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်၌ ရေကျချိန် ဖြစ်သည့်အတွက် သောင်ထွန်းမှုများ ဖြစ်ပေါ် နေသောကြောင့် သင်္ဘောများ သွားလာရာတွင် အချိန် ကြန့်ကြာမှု ရှိသော်လည်း နစ်မြုပ်မှုထိ ဖြစ်နိုင်စရာ မရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

ယခုလက်ရှိ ရေကျချိန်တွင် ဧရာဝတီမြစ်ကြောင်း ၏ အလယ်ဗဟို နေရာတို့၌ သောင်များ ဖြစ်ထွန်းကာ ကျွန်းကြီးတစ်ခု  ဖြစ်ပေါ်လျက် ရှိသောကြောင့် သင်္ဘောများအနေဖြင့် ၄င်းကျွန်းကြီးကို ကွေ့ပတ်၍ ရေကြောင်း ရှာဖွေမောင်းနှင် နေရသဖြင့် အချိန် ကြန့်ကြာမှု ရှိသော်လည်း သင်္ဘောများ နစ်မြုပ်မှုမျိုး မရှိနိုင်ကြောင်း သိရသည်။

''သင်္ဘောတွေ အနေနဲ့ နစ်မြုပ်စရာ မရှိဘူး ဆိုပေမယ့် ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ရေစူး ကန့်သတ်ချက်ကို မလိုက်နာဘူး ဆိုရင်တော့ သောင်တင်မှုတွေ ဖြစ်ပေါ်နိုင်တယ်။ သောင်တင်နေတဲ့ သင်္ဘောတွေကို စက်တွေနဲ့ ဆွဲချလိုက်ရင် ရေလမ်းကြောင်း တွေ ပျက်စီးပြီး တခြား သင်္ဘောတွေပါ သောင်တင်မှုတွေ ဖြစ်ပေါ် နိုင်ပါတယ်''ဟု ၄င်းက ဆက်လက် ပြောပြသည်။

သောင်ဖြစ်ထွန်း နေသည့်နေရာ များနှင့် ကျောက်ဆောင်များ ရှိသည့် နေရာများတွင် သင်္ဘောများ အလွယ်တကူ သွားလာနိုင် စေရေး ရေပေါ်ပြ အမှတ်အသား များနှင့် ကမ်းပေါ်ပြ အမှတ်အသား များကို စိုက်ထူနေသည့် အပြင် သင်္ဘောများ သွားလာရန် အခက်အခဲဆုံး နေရာတစ်ခု ဖြစ်သည့် မန္တလေး-ညောင်ဦး ရေလမ်းပိုင်း ကိုလည်း ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန် ဒေါ်လာ ၃၈ သန်း အသုံးပြု၍ သင်္ဘောများ သွားလာရေး အဆင်ပြေ လွယ်ကူပြီး အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး အတွက် သောင်တူးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment