Pages

Friday, December 30, 2016

မြန်မာနိုင်ငံ၌ မျက်စိအတွင်းတိမ်ရောဂါ ဖြစ်ပွားနေသူ သုံးသိန်းခွဲခန့်ရှိ


ရန်ကုန် ၊ ၃၀-၁၂-၂၀၁၆

မြန်မာနိုင်ငံ၌ မျက်စိအတွင်းတိမ် ရောဂါ ဖြစ်ပွားနေသူ သုံးသိန်းခွဲခန့် ရှိပြီး နှစ်စဉ် ခွဲစိတ်ပေးနိုင်သည့် အရေအတွက်မှာ တစ်သိန်း  ဝန်းကျင်သာ ရှိကြောင်း ရန်ကုန် အခြေစိုက် မျက်စိရောဂါ အခမဲ့ ကုသပေးရေး ဖောင်ဒေးရှင်း များမှ သိရသည်။

မျက်စိကွယ်ခြင်းကို ဖြစ်စေနိုင်သော အဓိက ရောဂါများမှာ အတွင်းတိမ်၊ ရေတိမ်၊ မျက်မှန် လိုအပ်ခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်း နှင့် ဆီးချို၊ သွေးတိုးတို့ကြောင့် နောက်ဆက်တွဲ မျက်စိကွယ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး မျက်စိရောဂါ အားလုံး၏ ၆ဝ ရာခိုင်နှုန်းမှာ အတွင်းတိမ်ရောဂါ ဖြစ်ကြောင်း အနာဂတ် အလင်းရောင် ဖောင်ဒေးရှင်း တည်ထောင်သူ ဒေါက်တာ လင်းအောင် ကပြောသည်။

''မျက်စိရောဂါ အားလုံးထဲမှာ အတွင်းတိမ် ရောဂါက ပိုဖြစ်လာတယ်။ အခမဲ့ခွဲစိတ် ကုသပေးမှု တွေကို မျက်စိ ဖောင်ဒေးရှင်း တွေက အကြိမ်ကြိမ် လုပ်ပေးနေ ပေမယ့် တစ်နှစ်မှာ လူဦးရေ တစ်သိန်းကျော် လောက်ကိုသာ ကုသပေး နိုင်ပါတယ်။ ကျွန်တော်တို့ ဖောင်ဒေးရှင်း ကလည်း ၂ဝ၁၇ ခုနှစ်အတွင်းမှာ လူနာပေါင်း ၅ဝဝဝဝ ကျော်ကို အခမဲ့ ခွဲစိတ်ကုသပေးဖို့ စီစဉ်ထား ပါတယ်'' ဟု ဒေါက်တာ လင်းအောင် က ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ်၏ ရည်မှန်းချက် ဖြစ်သော ၂ဝ၂ဝ ပြည့်နှစ်တွင် ကာကွယ်ကုသ ၍ရသော မျက်စိရောဂါများ လျော့နည်း ပပျောက်အောင် မိတ်ဖက် အဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ ဆရာဝန်များ၊ အခြေခံ ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း နှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းတို့ဖြင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်၏ ခန့်မှန်းချက်များ အရ ကမ္ဘာပေါ်တွင် အမြင်အာရုံ ချို့တဲ့သူပေါင်း ၂၄၆ သန်းရှိပြီး မျက်စိကွယ်သူ ပေါင်း ၃၉ သန်းခန့်ရှိရာ ၄င်းတို့၏ ၆၅ ရာခိုင်နှုန်းမှာ အသက် ၅ဝ နှစ်နှင့် အထက် ဖြစ်သည်ကို တွေ့ရှိရကာ အမြင်အာရုံ ချို့တဲ့သူများ၏ ၉ဝ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment