Pages

Sunday, December 4, 2016

မုံးကိုးစခန်းအား အကြမ်းဖက်သောင်းကျန်းသူ များက ဆက်လက်တိုက်ခိုက်



နေပြည်တော် ၊ ၄-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ မုံးကိုးမြို့တွင် တပ်မတော်သား များက နယ်မြေတည်ငြိမ် အေးချမ်းရန် လုံခြုံရေး ဆောင်ရွက် နေသော မုံးကိုးစခန်းအား ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့် နှင့် ည ၈ နာရီခန့်တို့တွင် KIA/TNLA/MNDAA နှင့် AA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က လက်နက်ကြီး ပစ်ကူယူ၍ သာလွန် အင်အားများဖြင့် စခန်းသိမ်း တိုက်ပွဲဆင်နွှဲ လာခဲ့ရာ စခန်းရှိ တပ်မတော်သား များက မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကာ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းကို မြဝတီ ရုပ်မြင်သံကြား နှင့် မြဝတီသတင်းစာ တို့မှ သတင်းထုတ်ပြန် ဖော်ပြပြီး ဖြစ်ပါသည်။

ထပ်မံရရှိသော သတင်းများအရ ယမန်နေ့ နံနက် ၁ နာရီခန့်တွင် KIA/TNLA/MNDAA နှင့် AA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်း အဖွဲ့က စခန်း၏ အရှေ့ဘက်နှင့် တောင်ဘက် မှ လက်နက်ကြီး ပစ်ကူယူ၍ ထပ်မံချဉ်းကပ် တိုက်ခိုက်ခဲ့သဖြင့် စခန်းရှိ တပ်မတော်သား များက ရဲရဲဝံ့ဝံ့ ရွပ်ရွပ်ချွံချွံ ရင်ဆိုင်တိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။

နံနက် ၇ နာရီ ၁၅ မိနစ်ခန့် တွင်လည်း စခန်း၏ အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက် တို့မှ အကြမ်းဖက် သောင်းကျန်းသူ များက ဝိုင်းဝန်း ပိတ်ဆို့ပြီး လက်နက်ကြီး ပစ်ကူယူ၍ ချဉ်းကပ်ကာ စခန်းသိမ်း တိုက်ပွဲ ထပ်မံဆင်နွှဲ လာသဖြင့် တပ်မတော်မှ လေကြောင်း ပစ်ကူ၊ အမြောက်ပစ်ကူ နှင့် လက်နက်ကြီး ပစ်ကူများ ပစ်ကူပေး၍ စခန်းရှိ တပ်မတော်သား များကလည်း ပြန်လည်တိုက်ခိုက် ခဲ့ရာ နံနက် ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် ရန်သူ့ ချဉ်းကပ်မှု ရပ်တန့်သွား ခဲ့သည်။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ အလောင်း သုံးလောင်းနှင့် သေနတ် သုံးလက် သိမ်းဆည်း ရမိခဲ့သည်။

မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က ယူနီဖောင်း ဝတ်များ၊ အရပ်ဝတ်များ ဝတ်ဆင်၍ ထပ်မံချဉ်းကပ် တိုက်ခိုက် လာသဖြင့် စခန်းရှိ တပ်မတော်သား များက ရွပ်ရွပ်ချွံချွံ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရန်သူ ချဉ်းကပ်မှု ရပ်တန့်သွား ခဲ့ပြီး ရန်သူ့ထံမှ အလောင်း ငါးလောင်းနှင့် သေနတ်ငါးလက် ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

၎င်းအကြမ်းဖက် သောင်းကျန်းသူ များသည် မုံးကိုးစခန်းအား သာလွန်အင်အား များဖြင့် အကြိမ်ကြိမ် ကျားထိုးကာ စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲခဲ့ သော်လည်း စခန်းရှိ တပ်မတော်သား များက ရွပ်ရွပ်ချွံချွံ ကျားကုတ်ကျားခဲ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ရင်ဆိုင် တိုက်ပွဲဝင်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment