Pages

Friday, December 23, 2016

ကမ်းပါးနီကျောက်ခေတ် ယဉ်ကျေးမှုဒေသသို့ ပြည်တွင်းပြည်ပ ခရီးသွားများ လွယ်လင့်တကူ သွားရောက်နိုင်ရန် လမ်းဖောက်မည်



ရွာငံ ၊ ၂၃-၁၂-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ် အတွင်းရှိ ကမ်းပါးနီ ကျောက်ခေတ် ယဉ်ကျေးမှု လက်ရာများကို ပြည်တွင်းပြည်ပ ခရီးသွားများ လွယ်လင့်တကူ သွားရောက် လေ့လာနိုင် စေရန် လမ်းဖောက်လုပ်မည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) ညွှန်ကြားရေးမှူး ထံမှ သိရသည်။

အဆိုပါ ကမ်းပါးနီ ကျောက်ခေတ် ယဉ်ကျေးမှုလက်ရာ များကို ပြည်တွင်းပြည်ပ ခရီးသွားများ သွားရောက်လေ့လာ ရာတွင် အဆင်ပြေမှု ရှိစေရန် လမ်းဖောက် လုပ်ခြင်း သာမက နားနေဆောင် များနှင့် သန့်စင်ခန်းများ ကိုပါ တည်ဆောက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကမ်းပါးနီ ကျောက်ခေတ် ယဉ်ကျေးမှု လက်ရာများ မပျက်စီးစေရေး အတွက် ခြံကာရံခြင်းနှင့် ပြဒါးလင်းဂူကို ထိန်းသိမ်း ပြုပြင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

ကမ်းပါးနီ ကျောက်ခေတ် ယဉ်ကျေးမှုဒေသကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ငွေကျပ် သိန်း ၄ဝဝ ခန့် အကုန်အကျခံကာ ပြုပြင် ထိန်းသိမ်းလျက် ရှိရာ နိုဝင်ဘာလကုန် တွင် မိုးရွာသွန်းမှု ကြောင့်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ခေတ္တ ရပ်ဆိုင်းထားရာမှ ယခုအခါ ပြန်လည် ဆောင်ရွက်လျက် ရှိသည်။

လမ်းဖောက်လုပ် ရာတွင် တောင်တက်လမ်းများ ဖြစ်ခြင်းကြောင့် စနစ်တကျ ဖောက်လုပ်မည် ဖြစ်ပြီး လမ်းပြီးစီးပါက ပြည်တွင်းပြည်ပ ခရီးသွားများ ယင်းဒေသသို့ လာရောက်မှု တိုးတက်လာမည့် အပြင် ဒေသခံများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment