Pages

Thursday, December 1, 2016

ငါးခူရကျေးရွာသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး ၊ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေး အရေးယူ ဆောင်ရွက်လျက်ရှိ


နေပြည်တော် ၊ ၁-၁၂-၂၀၁၆

အကြမ်းဖက်မှုတွင် ပါဝင်သူ မောင်တောမြို့နယ်၊ ရွှေဇား အလယ်ရွာနေ နုရ်လာမိန် ၃ဝ နှစ်အား နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်တွင် မြို့မဈေးကြီး အတွင်း ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ထို့အတူ ငါးခူရကျေးရွာ ရဲစခန်း၏ တောင်ဘက် ၄ ဖာလုံအကွာတွင် လူတစ်ဦး သေနတ်ဒဏ်ရာဖြင့် မှောက်လျက် သေဆုံးလျက် ရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး က ၄င်းနေ့ည ၆ နာရီ မိနစ် ၅ဝ တွင် ငါးခူရနယ်မြေ ရဲစခန်းသို့ လာရောက် သတင်းပို့ခဲ့ရာ ရဲတပ်ဖွဲ့က စုံစမ်း ဖော်ထုတ်ခြင်းများ ဆောင်ရွက် ခဲ့သည်။

ဖြစ်စဉ်အား စုံစမ်းစစ်ဆေးခဲ့ရာ သေဆုံးသူမှာ ငါးခူရကျေးရွာ အုပ်စု၊ ဘောင်ရွာနေ မိုဟာမတ်အာနော့စ် ဖြစ်ပြီး ၄င်းသေဆုံးမှုနှင့် ပတ်သက်၍ မျက်မြင်တွေ့ရှိ သူများအား စိစစ်ခဲ့ရာ မြို့သစ် ရဲကင်းစခန်းမှ ရဲဒုတိယတပ်ကြပ် ဝေယံလင်း သည် ရွာလယ်လမ်းမရှိ ယာဆိန်း၏ ကွမ်းယာဆိုင် အနီးတွင် ဆေးလိပ် သောက်နေစဉ် မျက်နှာချင်းဆိုင် လမ်းဘက်မှ ဖုန်းနှိပ်၍ လမ်းလျှောက် လာသည့် အမျိုးသား တစ်ဦးအား တွေ့ရသဖြင့် ဘင်္ဂါလီ စကားဖြင့် လှမ်းခေါ်ခဲ့ရာ ၄င်းမှာ နောက်ပြန်လှည့် ထွက်ပြေးသွား ခဲ့သဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ် အမှန် ပေါ်ပေါက်ရေး ရဲဒုတိယတပ်ကြပ် ဝေယံလင်း အပါအဝင် နယ်မြေခံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များအား လုပ်ထုံးလုပ်နည်း နှင့် အညီ ဆက်လက် အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment