Pages

Friday, November 4, 2016

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ပြည်တွင်းခရီးသည် ထွက်ခွာဆောင်သစ် Terminal 3 ကို ယခုလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်



ရန်ကုန် ၊ ၄-၁၁-၂၀၁၆

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ် အတွင်း တည်ဆောက်လျက် ရှိသည့် ပြည်တွင်း ခရီးသည် ထွက်ခွာဆောင် Terminal 3 အဆောက်အအုံ သစ်ကို ယခုလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အဆင့်မြင့် အရာရှိ တစ်ဦးထံမှ သိရသည်။

ယင်း အဆောင်သစ်သည် ပြည်တွင်းခရီးသည် ထွက်ခွာဆောင် ဖြစ်ပြီး ခရီးသွားဧည့် သည်များ အဆင်ပြေ လွယ်ကူစွာ အသုံးပြု နိုင်ရေးအတွက် Terminal 1 နှင့် Terminal 2 တို့ကို ဖွင့်လှစ် နိုင်ခဲ့ပြီး ယခု Terminal 3 ကို အချိန်မီ ပြီးစီးရေး ဆောင်ရွက်လျက် ရှိပြီး အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများလည်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် အတွင်း တည်ဆောက် ခဲ့သော တိုးချဲ့လေဆိပ် အဆောင်သစ်များ ဖြစ်သည့် Terminal 1 ကို မတ်လအတွင်းက ဖွင့်လှစ်ခဲ့ပြီး အဆောက်အအုံ သစ်သည် အလျား ၂၄ဝ မီတာ၊ အကျယ် ၉၇ ဒသမ ၇ မီတာရှိ RC & Steel Building ဖြစ်ကာ မြေအောက်ခန်း အပါအဝင် ငါးထပ် အဆောက်အအုံ ဖြစ်သည်။ ယင်း အဆောက်အအုံ တွင် ယာဉ်ရပ်နားသည့် နေရာမှ ဝင်ထွက် သွားလာနိုင်သော အလျား ၁ဝ၁ မီတာ၊ အမြင့် ၂၄ ဒသမ ၄ မီတာရှိ Sky Link နှင့်ဆက်သွယ် ဆောက်လုပ် ထားကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြန်မာနိုင်ငံ အတွင်းရှိ လေဆိပ်များ အနက် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည် အများဆုံးဝင်ထွက် သွားလာသည့် လေဆိပ်တစ်ခု ဖြစ်သည်။ ခရီးသွား ဧည့်သည် များပြား လာသည့်အတွက် ယင်းကဲ့သို့ လေဆိပ် အဆောက်အအုံ များကို တိုးချဲ့ အဆင့်မြှင့်တင် ခြင်းများ ပြုလုပ်လျက် ရှိပြီး အဓိကအားဖြင့် ခရီးသည် ထွက်ခွာဆောင် သစ်များကို ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။ 

ယခု တည်ဆောက် ထားသည့် တိုးချဲ့ဆောင် သစ်ကို လက်ရှိတွင် ပြည်ပ လေကြောင်းလိုင်း များက စတင် အသုံးပြုလျက် ရှိပြီး မကြာမီ Terminal 3 ကိုလည်း ဆက်လက်ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment