Pages

Thursday, November 3, 2016

မြန်မာနိုင်ငံရေကြောင်း တက္ကသိုလ် IAMU အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခြင်း ခံရ



ရန်ကုန် ၊ ၃-၁၁-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် ရှိ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ကို ဥရောပနှင့် အာရှ အပြည်ပြည် ဆိုင်ရာ ရေကြောင်းတက္ကသိုလ် များအဖွဲ့ (International Association of Maritime Universities- IAMU) ၏ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု လိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်လွင် ထံမှ သိရသည်။

''ဒီလို အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ရေကြောင်းတက္ကသိုလ် တွေရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ ပြီးခဲ့တဲ့ သုံးလေးနှစ် ကတည်းက ကျွန်တော်တို့ တက္ကသိုလ်အနေနဲ့ ကြိုးစားခဲ့ရ တာပါ။ အခုလိုအဖွဲ့ဝင် အဖြစ် အသိအမှတ်ပြု လိုက်တဲ့အတွက် အရမ်းဝမ်းသာ ဂုဏ်ယူမိ ပါတယ်။ နောက်ပိုင်းကာလ တွေမှာ အာရှနဲ့ ဥရောပ နိုင်ငံကြီးတွေရဲ့ ရေကြောင်း တက္ကသိုလ်ကြီး တွေမှာ မြန်မာကျောင်းသား လူငယ်တွေ ပညာသင်ယူခွင့် Scholarship အစီအစဉ် တွေအပြင် နိုင်ငံတကာ ရေကြောင်း တက္ကသိုလ် တွေနဲ့ ချိတ်ဆက်ပြီး စာတွေ့၊ လက်တွေ့ သင်ရိုးပိုင်းတွေ၊ နိုင်ငံအလိုက် တက္ကသိုလ် အချင်းချင်း ပညာရေး နှီးနှော ဆွေးနွေးပွဲတွေ နဲ့ ကျောင်းသား လူငယ်တွေ သွားရောက် ပညာ သင်ယူခွင့် ရရှိရေးတို့မှာလွယ်ကူလာ မှာပါ'' ဟု ဒေါက်တာ မြတ်လွင် က ပြောသည်။

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် အနေဖြင့် IAMU အဖွဲ့ဝင်ဖြစ်ရန် ပြီးခဲ့သည့် သုံးနှစ်ခန့်မှ စတင်၍ ခြောက်နှစ်သင် ကြားကာ ရေကြောင်းပညာ တက္ကသိုလ် ဘွဲ့များ ပေးအပ်နိုင်ရန် ဖွင့်လှစ် သင်ကြားမှုများ၊ IAMU အဖွဲ့မှ ပညာရှင်များက မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် သည် အပြည်ပြည်ဆိုင်ရာ ရေကြောင်း အဖွဲ့ချုပ်၏ ပြဋ္ဌာန်းချက် အတိုင်း စာတွေ့၊ လက်တွေ့ သင်ရိုး ညွှန်းတမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များ၏ ပညာသင်ကြား တတ်မြောက်မှု အခြေအနေ များနှင့် တခြားလေ့လာ တွေ့ရှိချက် များကို IAMU သို့ အစီရင်ခံစာ ရေးတင်ကာ ဘုတ်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်များ အရ အဖွဲ့ဝင်နိုင်ငံ တက္ကသိုလ် အဖြစ် အသိအမှတ်ပြု ခဲ့ခြင်းဖြစ်သည်။

IAMU ကို တက္ကသိုလ် အဖွဲ့အစည်း ပေါင်း ၆ဝ ဖြင့်ဖွဲ့စည်းထားပြီး ဗီယက်နမ်နိုင်ငံ ဟုန်ဖုန်းမြို့၌ အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သော 17th Annual General Assembly of the International
Association of Maritime Universities အခမ်းအနားတွင် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်ကို IAMU အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု လက်မှတ် ပေးအပ်ခဲ့ရာ အဆိုပါ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ မြတ်လွင် က လက်ခံရယူ ခဲ့ကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment