Pages

Wednesday, November 30, 2016

ယဉ်ကျေးမှုအမွေအနှစ်ဇုန် များ၌ စီးပွားဖြစ် ရုပ်ရှင် ဗီဒီယိုနှင့် ဓာတ်ပုံရိုက်ကူးခြင်း လုပ်ငန်းများမှ ရှစ်လတာကာလအတွင်း ငွေကျပ် သိန်း ၈၀ ကျော်ရရှိထား



မန္တလေး ၊ ၃၀-၁၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီးအတွင်း ရှိ ယဉ်ကျေးမှု အမွေအနှစ်ဇုန် နေရာများ၌ စီးပွားဖြစ်ရုပ်ရှင် နှင့် ဗီဒီယိုရိုက်ကူးခြင်း၊ Still ကင်မရာဖြင့် ဓာတ်ပုံရိုက်ကူးခြင်း လုပ်ငန်းများ မှ ယခုဘဏ္ဍာနှစ် ရှစ်လတာ ကာလအတွင်း ငွေကျပ် သိန်း ၈ဝ ကျော် ကောက်ခံရရှိ ထားကြောင်း ရှေးဟောင်း သုတေသန အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဇုန်)မှ သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း၌ ယဉ်ကျေးမှု အမွေအနှစ်ဇုန်များ ဖြစ်သော နန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်နှင့် အင်းဝ ယဉ်ကျေးမှုဇုန် အတွင်း စီးပွားဖြစ် ရုပ်ရှင်၊ ဗီဒီယိုနှင့် ဓာတ်ပုံ ရိုက်ကူးခြင်းများ အတွက် သတ်မှတ် နှုန်းထားများ ပေးဆောင်ရခြင်း ဖြစ်ကာ ယခုနှစ် ဧပြီလမှ နိုဝင်ဘာ ၂၈ ရက်အထိ ကောက်ခံရရှိ ငွေမှာ ငွေကျပ် သိန်း ၈၄ဝဝဝဝဝ ဖြစ်ကြောင်း သိရသည်။

''အများစုကတော့ ယဉ်ကျေးမှုဇုန် အတွင်းမှာ ရိုက်ကူးရေး လုပ်မယ်ဆိုရင် ကြိုပြီး တင်ပြရပါတယ်။ ဒါကို ရုံးချုပ်ကို ပြန်တင်ပြရပြီး ရုံးချုပ်က မြန်မာ့ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တာတွေ မပါအောင် စိစစ်ပြီး လက်ခံပေးဖို့ အကြောင်းပြန်တဲ့ အခါ ရိုက်ကူး ခွင့်ကို လက်ခံပေး တာပါ။ စီးပွားဖြစ် ရိုက်ကူးရေး တွေကိုပဲ ကောက်ခံတာပါ။ ပြည်တွင်းပြည်ပ ရိုက်ကူးသူတွေကို တစ်ပြေးညီ ကောက်ခံပါတယ်'' ဟု ရှေးဟောင်း သုတေသန အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဇုန်) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာနက ၂ဝ၁၂ ခုနှစ် ဇူလိုင် ၁၂ ရက်မှစပြီး ယဉ်ကျေးမှု အမွေအနှစ်ဇုန်များ ၌ စီးပွားဖြစ်ရုပ်ရှင်၊ ဗီဒီယို နှင့် ဓာတ်ပုံများ ရိုက်ကူးပါက တစ်ရက်လျှင် တစ်ဆက်တည်း ၁၂ နာရီထက် မပိုသော အချိန်အတွင်း ရိုက်ကူးလျှင် ငွေကျပ် ၅ဝဝဝဝဝ နှင့် ဓာတ်ပုံရိုက် ကူးခြင်းအတွက် ငွေကျပ် ၁ဝဝဝဝဝ ကို ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနသို့ ပေးသွင်းရ မည် ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment