Pages

Monday, November 28, 2016

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူ များနှင့် တာဝန်ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့မှုများ ဆောင်ရွက်





နေပြည်တော် ၊ ၂၈-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်း အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ရဲစခန်းများ အကြမ်းဖက် စီးနင်းတိုက်ခိုက် ခံရမှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆုံးရှုံးသွားသည့် လက်နက်ခဲယမ်းများ ပြန်လည် ရရှိရေး၊ ပြစ်မှုကျူးလွန်သူ များနှင့် ပါဝင်ပတ် သက်သူများ ဖော်ထုတ်ဖမ်းဆီး ရမိရေးအတွက် နယ်မြေရှင်းလင်း ခြင်းများ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်စဉ် ကျေးရွာအချို့၌ လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များ ထပ်မံဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူများ၊ ပါဝင်ပတ်သက်သူများ ထွက်ပြေး တိမ်းရှောင်မှု၊ ၄င်းတို့၏ သွေးထိုးလှုံ့ဆော်မှု များကြောင့် ရွာသူရွာသားများမှာ စိုးရိမ် ထိတ်လန့်ပြီး နေရပ်မှစွန့်ခွာ တိမ်းရှောင်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများကို ကယ်ဆယ်ရေး စခန်းများနှင့် ကျေးရွာတို့သို့ နိုင်ငံတော်အစိုးရ၊ ရခိုင်ပြည်နယ် အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်း များက စားနပ်ရိက္ခာနှင့် လူသားချင်း စာနာထောက် ထားမှု အကူအညီများ၊ အလှူငွေ များကို သွားရောက်ပို့ဆောင် ထောက်ပံ့ ပေးခြင်းများ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ထောက်ပံ့ပေးလျက် ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် တပ်ဖွဲ့ဝင်များနှင့် နေရပ်စွန့်ခွာသူ များအတွက် ဆန် ၁ဝ၈၄ အိတ်၊ ဆီ ၂၁၆၉ ပိဿာ၊ ဆား ၂၁၆၉ ပိဿာ၊ ပဲ ၂၁၆၉ ပိဿာနှင့် ငါးသေတ္တာ ၉၃၁၉၈ ဘူးတို့ကို လည်းကောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှလည်း လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် နေရပ်စွန့်ခွာသူ များအတွက် ဆန်အိတ် ၄ဝဝဝ၊ ငါးနီတူခြောက် ပိဿာ ၁ဝဝဝ၊ 

စက်သုံးဆီ ၈၄၈၇ ဒသမ ၅ ဂါလန်၊ စပါးရိတ်သိမ်း ခြွေလှေ့စက် အစီး ၃ဝ နှင့် မီးစက်ငါးလုံးကို လည်းကောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မောင်တောမြို့မှ စစ်တွေမြို့သို့ နေရပ်စွန့်ခွာသူ အိမ်ထောင်စု ၃၆၅ စုအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် တစ်သောင်းနှုန်း ဖြင့် စုစုပေါင်း ငွေကျပ် ၃၆၅ဝဝဝဝ ကို လည်းကောင်း ထောက်ပံ့ပေးအပ် ခဲ့သည်။

ထို့အတူ နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် နိုဝင်ဘာ ၁၁ ရက်တွင် မောင်တောခရိုင် အတွက် ငွေကျပ် ၇ ဒသမ ၅ဝ သန်းတန်ဖိုး ရှိ ဆန်အိတ် ၂၅ဝ ကိုလည်းကောင်း၊ ကျဆုံးခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင် ကိုးဦးအတွက် တစ်ဦးလျှင် ငွေကျပ် လေးသိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၃၆ သိန်းကို လည်းကောင်း၊ ဒဏ်ရာရ လုံခြုံရေးတပ်ဖွဲ့ဝင် ငါးဦးအတွက် တစ်ဦးလျှင် ငွေကျပ်နှစ်သိန်း နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁ဝ သိန်း ကိုလည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက်ကလည်း မောင်တောမြို့နယ် အတွင်း လုံခြုံရေးစခန်း ၁ဝ ခု အသစ် ဆောက်လုပ်ခြင်း နှင့် စခန်း ၁၅ ခု ပြုပြင်ခြင်းများ အတွက် ငွေကျပ် ၃၆ သန်းကို လည်းကောင်း ထောက်ပံ့ပေးအပ် ခဲ့သည်။

အလားတူ နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သော WFP ၊ UNHCR ၊ UNOCHA အဖွဲ့များ ကလည်း နိုဝင်ဘာ ၈ ရက်မှ ၁ဝ ရက် အတွင်း ကြက်ရိုးပြင်၊ ငါးစာကြူး၊ ပြောင်ပိုက်နှင့် ဝါးပိတ်ကျေးရွာ တို့မှ အိမ်ခြေ ၁ဝ၅၄ စု၊ လူဦးရေ ၇၂၃၂ ဦးအတွက် စားနပ်ရိက္ခာ နှစ်ပတ်စာ လေးမယ် ဖြစ်သော ဆန် ၁ဝ၁၁ အိတ်နှင့် ၄၈ ပြည်၊ ပဲ ၈၉ ဒသမ ၇၅ အိတ်၊ ဆီ ၃၆၈၈ လီတာ၊ ဆား ၃၉၄ ပိဿာတို့ကို လည်းကောင်း ပို့ဆောင်ပေး ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၄)

No comments:

Post a Comment