Pages

Wednesday, November 2, 2016

အရက် နဲ့ ကင်ဆာ


အရက် နဲ့ ကင်ဆာ

ဒေါက်တာ လွှမ်းမိုးဟန်

  • ဆရာရှင့် ။  ။ ကျွန်မဟာ အသက် ၆ဝ ကျော်အရွယ် မိခင်တစ်ဦးပါ။ သည်ဘက်ခေတ်မှာ ဆေးလိပ်နဲ့ ပတ်သက်လာရင် ကျန်းမာရေး အတွက် မကောင်းကြောင်း၊ ဆေးလိပ်ဖြတ်ဖို့ လိုကြောင်း၊ ဆေးလိပ်ကြောင့် ကင်ဆာရောဂါ အများကြီး ဖြစ်စေနိုင်ကြောင်း ရေးသားနေကြတာ တွေ့နေရပေမယ့် အရက်နဲ့ ပတ်သက် လာရင်တော့  သိပ်ရေးကြတာမတွေ့ပါဘူး ဆရာ၊ အရက်ကို နည်းနည်း သောက်ရင် ကောင်းတယ်လို့ တောင် ဆရာတို့ရေးရေး နေတဲ့စာတွေမှာ တွေ့နေရပါတယ်။ အရက်ဟာ ကင်ဆာရောဂါ တွေ ဖြစ်စေနိုင်လား ဆရာ၊ နည်းနည်း သောက်ရင် ကောင်းတယ် ဆိုပေမယ့် အဲဒီနည်းနည်းနဲ့ သောက်နေ လိုက်ကြတာဟာဖြင့် တစ်နိုင်ငံလုံး အရက်၊ ဘီယာဆိုင် တွေ ရှောင်မရ ဖြစ်နေတာမို့ တခြားရောဂါတွေ အသာထား၊ အရက်နဲ့ကင်ဆာ ပတ်သက်တာလေး တွေကိုပဲ လူငယ်၊ လူကြီးတွေ ချင့်ချိန်နိုင်ကြဖို့ ဖော်ပြပေး စေချင် ပါတယ်ရှင့်။


ဖြေ ။  ။ အမှန်တော့ အရက်ဟာ ကင်ဆာ ဖြစ်စေသော ဓာတ်တစ်မျိုး ဖြစ်စေတယ်လို့ အပြည်ပြည် ဆိုင်ရာ
ကင်ဆာ သုတေသန အဖွဲ့ကြီး (IARC) က ၁၉၈၈ ခုနှစ် ကတည်းက တရားဝင် ထုတ်ပြန်ပြီးသား ဖြစ်ပါတယ်။ အရက်ဟာ အစာရေမျိုပြွန် ကင်ဆာကို ဖြစ်စေတယ် ဆိုတာ တိတိကျကျ သိရှိထားပြီးသားပါ။ တျခားေ
သာ အရက်နဲ့ ဆက်နွှယ်နေတဲ့ ကင်ဆာတွေလည်း အများကြီးပါ။ အနောက်နိုင်ငံ များမှာ အမျိုးသမီးတွေ အရက် သောက်သုံးမှု များခြင်းဟာ ရင်သားကင်ဆာ ဖြစ်ပွားမှု တက်လာတာနဲ့ တိုက်ရိုက် ဆက်နွှယ်မှု ရှိနေတယ်ဆိုတာ လည်း ကျွန်တော်တို့ သိလာကြပါပြီ။

အရက်ကို သင့်တင့်ရုံလောက် သောက်လို့ ရတယ်လို့ ဆရာဝန်တွေက ပြောတယ် ဆိုတာမှာ နှလုံးသွေးကြော ကျဉ်းရောဂါ အတွက်သာ ဖြစ်တယ်လို့ အမြဲတမ်း ထည့်ပြောလေ့ ရှိပါတယ်။ အရက်ကို အလွန်အကျွံ သောက်သူများ အတွက်ကတော့ နှလုံးပျက်စီးခြင်း၊ လေဖြတ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း စတဲ့ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ကင်ဆာရောဂါနဲ့ ပတ်သက်ရင်တော့ အရက်သောက်သုံး မှုနှုန်းများရင် များသလို မကောင်းနိုင်ပါ။ အရက်ကို နည်းနည်းလေး သောက်ရင်ရော ကင်ဆာရောဂါ များအတွက် ကောင်းသလား လို့မေးရင် လုံးဝ မကောင်းဘူးလို့ ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်။ အရက်ကို ပေါ့ပေါ့ပါးပါး လေးသောက်သူနဲ့ အရက်လုံးဝ မသောက်တဲ့သူ ယှဉ်လိုက်ရင် အရက်နည်းနည်း သောက်သူများက အာခံတွင်း ကင်ဆာ၊ အစာရေမျိုပြွန် ကင်ဆာနဲ့ ရင်သားကင်ဆာ တွေ ပိုဖြစ်တယ်လို့ သုတေသနများ အရ သိရပါတယ်။

အရက်ထဲမှာ ကင်ဆာ ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်း အနည်းဆုံး ၁၅ မျိုးပါပါတယ်။ အဲဒီထဲမှာ အီသနောဓာတ် က အဆိုးဆုံးပါ။ အရက်ကို သောက်လိုက်တာနဲ့ ပထမဆုံး Acetaldehyde ဆိုတဲ့ ဓာတ်တစ်မျိုးကို ရပါတယ်။ အဲဒီ ဓာတ်ဟာ အာခံတွင်း၊ လည်ပင်း အတွင်းပိုင်း၊ အစာရေမျိုပြွန် နေရာတွေကို တိုက်ရိုက်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ကင်ဆာ ဖြစ်နိုင်ခြေ ကတော့ လူတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ အရက်ကို နည်းနည်းလေး သောက်လိုက်ရုံနဲ့ တိုက်ရိုက်ထိတွေ့ ရတဲ့ ကလာပ်စည်း တွေဟာ ပုံစံတွေ ပျက်ယွင်းသွား စေနိုင်တယ်။

အရက်ဟာ အီစရိုဂျင်ခေါ်တဲ့ အမျိုးသမီး ဟော်မုန်း ကို တက်စေနိုင်တယ်။ အမျိုးသမီး ဟော်မုန်းဟာ နို့ပြွန် လမ်းကြောင်း တစ်လျှောက်က ကလာပ်စည်း တွေကို ပွားများစေပြီး ကင်ဆာ ဖြစ်စေနိုင်တယ်။ အရက်က ကင်ဆာ ဖြစ်စေတယ် ဆိုတဲ့နေရာမှာ သူနဲ့ တိုက်ရိုက် ထိတွေ့တဲ့ နေရာတွေကို ပိုဖြစ်စေတာပါ။ အူမကြီးနဲ့ အသည်းကင်ဆာ ဟာလည်း အရက်သောက် သုံးမှုနဲ့ တိုက်ရိုက် ပတ်သက် နေပြန်ပါတယ်။ ဝိုင်၊ ဝီစကီ၊ ဘီယာ ဘာကိုပဲ  သောက်သောက် မကောင်းကျိုး ကတော့ အတူတူပါပဲ။ တစ်ခုပဲ အစာရေမျိုပြွန် ကင်ဆာမှာတော့ အရက်ပိုပြင်းရင် ပြင်းထန်သလို ကင်ဆာမြန်မြန် ဖြစ်စေတယ်လို့ ဆိုကြတယ်။

ကင်ဆာဖြစ်စေတဲ့ အန္တရာယ်တွေ ထဲမှာ အရက်ထက် ပိုပြီး အရေးကြီးတဲ့ အချက်တွေ ရှိပါတယ်။ ဥပမာ ဆေးလိပ်၊ အသည်းရောင် အသားဝါဘီပိုး၊ စီပိုး စသည် ဖြင့်ပေါ့။ ကင်ဆာကြောင့် လူနာတစ်ဦး ကွယ်လွန်ရပြီ ဆိုရင် အဲဒီလူနာရဲ့ ဆေးလိပ် သောက်နိုင်ခြေ နှုန်းက ၉ဝ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အရက် သောက်နိုင်ခြေနှုန်း ကတော့ ၅ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်း အထိ ရှိနေနိုင်ပါတယ်။ ကင်ဆာရောဂါ များရဲ့ ၆ဝ ရာခိုင်နှုန်း ဟာ နောက်ခံ အကြောင်းရင်းကို မသိရှိရသေးပါ။ ဒါကြောင့် အရက်ကို လုံးဝမသောက်ပဲ နေတာဟာ အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ သေချာတာ တစ်ခုကတော့ ကင်ဆာရောဂါ ရှိနေသူတွေ အရက်သောက် ရင်တော့ မြန်မြန် သေစေတယ် ဆိုတဲ့အချက်ပါ။

၂၁ ရာစုမှာ အရက်သောက်တဲ့ ကိစ္စကို Responsible Drinking လို့သုံးစွဲ ကြတယ်။ အရက်ဆိုတာ ဘယ်လောက် သောက်သောက် မကောင်းဘူး။ ကိုယ့်တာဝန် ကိုယ်ယူ၊ ကိုယ်ဖြစ်ကိုယ်ခံ ဆိုတဲ့ သဘောပါပဲ။ အရက်ရော၊ ဆေးလိပ်ပါ လုံးဝရှောင်ကြဉ်မယ် ဆိုရင် အာခံတွင်း ကင်ဆာ ဖြစ်နိုင်ခြေ ၈ဝ ရာခိုင်နှုန်း ကျဆင်းသွားမယ်။ လည်မျိုတွင်း ကင်ဆာ ၉ဝ ရာခိုင်နှုန်း အထိ ကျဆင်းသွား နိုင်ပါတယ်။ အမှန်တော့ အရက်ဟာ ကင်ဆာရောဂါ တစ်ခုထဲမှာမှ မဟုတ်ဘဲ တစ်ကိုယ်လုံးမှာ ပြဿနာတွေ ဖြစ်စေတယ် ဆိုတာလည်း မမေ့ကြဖို့ လိုပါတယ်။

ပြည်သူ့ ကျန်းမာရေး ပညာရှင်တွေ ကတော့ အရက်ကို ထိန်းချုပ်ဖို့က လူတစ်ယောက် ချင်းစီ အရက် ဘယ်လောက် အများဆုံး သောက်နိုင်သလဲ ဆိုတဲ့ အချက်က အရေးကြီး ပါတယ်လို့ သုံးသပ်ကြတယ်။ သဘောကတော့ သောက်နေတဲ့ အရက် ပမာဏက အရေးမကြီးဘူး။ ဘယ်လောက် သောက်သောက် အန္တရာယ် ရှိနေတာမို့ လူဘယ်နှယောက် သောက်လာသလဲ ဆိုတဲ့အချက် က အရက်နဲ့ ကင်ဆာ ဆက်စပ်မှုမှာ ပို အရေးကြီးတဲ့ အဓိပ္ပာယ်ပါ။

အားလုံးပြန်ပြီး ခြုံပြောရရင် ကင်ဆာရောဂါနဲ့ ပတ်သက် လာရင်တော့ စိတ်ချရတဲ့ အရက်ပမာဏ ဆိုတာ မရှိပါ။ မသောက်လေ ကောင်းလေ ဖြစ်ပါတယ်။ သည်လောက် ဆိုရင်ဖြင့် အရက်အပေါ် ရှုမြင်တဲ့ ကင်ဆာ ဆရာဝန်များ ရဲ့ သဘောထားကို သိလောက်ပြီ ထင်ပါတယ်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment