Pages

Wednesday, November 2, 2016

ရန်ကုန်တိုင်းဒေသကြီး မြစ်ချောင်းများအတွင်းမှ သဲနှင့် ကျောက်ထုတ်ယူသည့် လုပ်ငန်း တရားမ၀င် လုပ်ကိုင်နေသူ များကို စီမံချက်ဖြင့် အရေးယူရန်စီစဉ်



ရန်ကုန် ၊ ၂-၁၁-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး မြစ်ချောင်းများ အတွင်းမှ သဲနှင့်ကျောက် ထုတ်ယူသည့် လုပ်ငန်း တရားမ၀င် လုပ်ကိုင်နေသူ များကို စီမံချက်ဖြင့် အရေးယူရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြစ်ချောင်းများ အတွင်း တရားမ၀င် သဲနှင့်ကျောက်များ ထုတ်ယူနေခြင်း ကြောင့် မြစ်ကမ်းပါးများ ပြိုကျခြင်း၊ ရေကြောင်း ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ခြင်း၊ ရေကြောင်းသွား မော်တော်ယာဉ် နှင့် သင်္ဘောများကို အနှောင့်အယှက် ဖြစ်စေခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်စေခြင်းတို့ ရှိလာနိုင် ခြင်းကြောင့် မြစ်အတွင်း သဲနှင့် ကျောက် တရားမဝင် အလွန်အကျွံ ထုတ်ယူနေမှုများ ကို စီမံချက်များ ချမှတ်ကာ အရေးယူနိုင် ရေးအတွက် စီစဉ်လျက် ရှိသည်။ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ယင်းသို့ ထုတ်ယူလုပ်ကိုင် နေသောလုပ်ငန်းများ သွားရောက် စစ်ဆေးခြင်းကို သက်ဆိုင်ရာ များနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

'' လုပ်ကိုင်ခွင့် အတွက် လျှောက်ထားတင်ပြ လာတာတွေကို ကွင်းဆင်း လေ့လာတယ်။ သတ်မှတ်ချက် တွေနဲ့ ကိုက်ညီပြီး သဘာဝ ပတ်ဝန်းကျင်နဲ့ တခြား ထိခိုက်မှု မရှိဘူးဆိုရင် သက်ဆိုင်ရာ အဖွဲ့တွေရဲ့ သဘောထား မှတ်ချက် ပြန်ပေးပြီး ခွင့်ပြုပေးနေပါတယ်။ အခုနောက်ပိုင်း တွေမှာ တရားမ၀င် ထုတ်ယူနေတာ တွေရှိတယ်လို့ သိရတယ်။ ဒါတွေကို စစ်ဆေးရတဲ့ အခါ နေရာရွှေ့ပြောင်း လုပ်ကိုင်မှုကြောင့် စစ်ဆေးရတာ အခက်အခဲ ရှိတယ်။ ဒီလို မဖြစ်အောင် စီမံချက်နဲ့ ပူးပေါင်း လုပ်ဆောင်နိုင်ဖို့ စီစဉ်နေတယ်''ဟု ၄င်းကပြောသည်။

မြစ်ချောင်းများအတွင်းမှ သဲနှင့်ကျောက်များ ထုတ်ယူခွင့်အတွက် လျှောက်ထားရာတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေနှင့်အညီ လုပ်ကိုင်သူ များအား သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌ ဦးစွာ လျှောက်ထားရမည် ဖြစ်သည်။ လျှောက်ထားမှုကို စစ်ဆေးပြီး အမှန်တကယ် မြစ်ချောင်းများ အတွင်းမှ သဲနှင့် ကျောက် ထုတ်လုပ်နိုင်မှု ရှိ-မရှိ အပြင် သတ်မှတ်ချက် များနှင့် ကိုက်ညီမှု ရှိ-မရှိ ကို ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သဘောထား မှတ်ချက်ပြုပေးပြီး ယင်းသဘောထား မှတ်ချက်အရ ခွင့်ပြုလိုင်စင် များကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တစ်ဆင့် ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment