Pages

Tuesday, October 4, 2016

တစ်ခါသုံးပစ္စည်းများကို စနစ်တကျအသုံးမပြုပါက အစာအိမ်အူလမ်းကြောင်း နှင့်ဆိုင်သည့် ရောဂါများ ဖြစ်ပွားနိုင်


ရန်ကုန် ၊ ၄-၁၀-၂၀၁၆

ပြည်သူများ အနေဖြင့် တစ်ခါသုံး ပစ္စည်းများကို သုံးစွဲမှု များလာသည့်အခါ ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်သော်လည်း စနစ်တကျ အသုံးမပြုပါက ဆိုးကျိုးများ ဖြစ်ပေါ်လာပြီး အစာအိမ် အူလမ်းကြောင်း နှင့်
အသည်းရောင် အသားဝါ ရောဂါများ ဖြစ်ပွား နိုင်သည်ဟု သိရသည်။

ပြည်သူများ အနေဖြင့် တစ်ခါသုံး ပစ္စည်းများ အဖြစ် ထုတ်လုပ် ထားသည့် ရေသန့်ဘူး၊ တူ၊ အကင်တံ၊ ဖော့ဘူး၊ ပန်းကန် ၊ ဇွန်း၊ ဘလိတ်ဓား၊ လက်အိတ်နှင့် နှာခေါင်းစည်း စသည့် ပစ္စည်းများကို အကြိမ်ကြိမ် ပြန်လည် အသုံးပြု ပါက အသည်းရောင် အသားဝါရောဂါ နှင့် အစာအိမ် အူလမ်းကြောင်း နှင့်ဆိုင်သည့် ရောဂါများ ဖြစ်ပွားနိုင်သည် ဟု ဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ ကျန်းမာရေး)က ပြောသည်။

အဆိုပါ ပစ္စည်းများကို အကြိမ်ကြိမ် ပြန်လည်သုံးစွဲ ပါက ပျို့ခြင်း၊ အန်ခြင်း၊ အစာ အဆိပ်သင့်ခြင်း အပြင် ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ ကာလဝမ်းရောဂါ၊ ကြွက်သေ ကြောင့်ဖြစ်သည့် အသားဝါ ရောဂါ၊ သန်ကောင်စွဲ ရောဂါ၊ အူရောင်ငန်းဖျား ရောဂါ စသည့်ရောဂါများ ဖြစ်ပွားတတ်သည့် အတွက် ပြည်သူများ အနေဖြင့် တစ်ခါသုံး ပစ္စည်းများကို အသုံးပြုသည့် အခါ မှိုတက်ခြင်း၊ ပေါက်ပြဲခြင်းနှင့် သုံးစွဲရက် ကျော်လွန်ခြင်း စသည် တို့ကို စစ်ဆေးရမည် ဖြစ်ပြီး အသုံးပြုပြီး ပါကလည်း စနစ်တကျ စွန့်ပစ်ရမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။

''ပြည်သူတွေ အနေနဲ့ တစ်ခါသုံးပစ္စည်း ပေါက်နေသလား၊ ပြဲနေသလား၊ ပျက်စီးနေသလား၊ Date လွန်နေသလား အဲဒါလေးတွေလည်း ပြန်ပြီးတော့ ကြည့်စေချင်တယ်။ မှိုတက် နေသလား။ ဆိုင်တွေမှာ ကြာနေတာ ရှိကောင်း ရှိနိုင်တယ်။ လူအများ သုံးပြီးသား တွေကို ပါကင်လှလှနဲ့ ပြန်ထည့်ပြီးတော့ သုံးတာလည်း ဖြစ်နိုင်ပါတယ်။ သေချာ ကြည့်ပြီးတော့ သေချာဝယ်ပါ။ ဝယ်ပြီးတော့လည်း စနစ်တကျ သုံးစေချင် ပါတယ်။ စနစ်တကျ သုံးရုံတင် မကဘူး။ စနစ်တကျလည်း စွန့်ပစ် စေချင်ပါတယ်'' ဟု ဒေါက်တာ မြင့်သန်းထွန်း က ပြောသည်။

ရေခဲရေ ရောင်းချသူ အများစုသည် အများပြည်သူ စွန့်ပစ်ထားသည့် ရေသန့်ဘူးများ ထဲမှ ပြန်လည်အသုံးပြု နိုင်သည့် ရေသန့်ဘူးများကို အရောင်းဒိုင်မှ ဝယ်ပြီး ရေခဲရေထည့် သွင်း ရောင်းချ နေကြခြင်း ကြောင့် ရေခဲစိမ် ထားသည့် ရေဘူးများသည် သောက်သုံးရန် မသင့်သည့် ရေဘူးများ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေးဌာန ဒုတိယဌာနမှူး ဒေါက်တာ သန်းသန်းလွင် က ပြောသည်။

အိမ်အတွင်း၌ အသုံးပြု များသည့် သွားကြားထိုးတံ၊ နားကြပ်၊ သွားတိုက်တံ စသည့်ပစ္စည်း များကို တစ်ခါသုံး ပစ္စည်းများ အဖြစ်သာ အသုံးပြုသင့်ကြောင်း ပြည်သူများ အနေဖြင့် တစ်ခါသုံး ပစ္စည်းများကို သုံးစွဲမှုပိုမို များပြား လာခြင်းသည် ကျန်းမာရေး အတွက် အထောက်အကူ ပြုသကဲ့သို့ စနစ်တကျ အသုံးမပြုခြင်း၊ စနစ်တကျ ထုတ်လုပ်ခြင်းများ မရှိပါကလည်း ဆိုးကျိုးများ ရှိနိုင်ကြောင်း သိရသည်။ (ဆုလာဘ်)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment