Pages

Friday, October 7, 2016

လက်ခုပ်ကုန်းကမ်းခြေ ၌ ပင်လယ်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် လေ့လာလျက်ရှိ


ရန်ကုန် ၊ ၇-၁၀-၂၀၁၆

ရန်ကုန်မြို့ တောင်ဘက်ခြမ်း ၁၈ မိုင်ခန့် အကွာ၌ တည်ရှိသည့် လက်ခုပ်ကုန်း ကမ်းခြေကို အနာဂတ် ရန်ကုန်မြို့ အတွက် မျှော်မှန်း၍ ပင်လယ်ဆိပ်ကမ်း တစ်ခု တည်ဆောက်ရန် တောင်ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့ပူးပေါင်း၍ လေ့လာမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

လက်ခုပ်ကုန်း ကမ်းခြေ၌ ပင်လယ်ဆိပ်ကမ်း တည်ဆောက်မည့် စီမံကိန်း အတွက် အကောင်အထည် ဖော်ဆောင်နိုင်မှု အခြေအနေ များကို လေ့လာ ဆန်းစစ်ရန် အချိန်ယူ ရဦးမည် ဖြစ်ပြီး စီမံကိန်းကို နှစ်ရှည် စီမံကိန်းတစ်ခု အဖြစ် သတ်မှတ်ထားသည့် အတွက် အနည်းဆုံး နှစ် ၃ဝ ခန့်အထိ ရေရှည်စီမံချက် ချမှတ်ကာ လုပ်ဆောင်မည် ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ရန်ကုန်မြို့ကို အဓိကအားဖြင့် ပင်လယ် ဆိပ်ကမ်းမြို့ကြီး တစ်မြို့ဖြစ်ရန် မျှော်မှန်းချက် ထားသည့်အတွက် ကွမ်းခြံကုန်း နှင့် လက်ခုပ်ကုန်း တို့၌ ဆိပ်ကမ်းများ တိုးချဲ့သွားရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။

လက်ရှိ အသုံးပြုနေသည့် ရန်ကုန်ဆိပ်ကမ်း သည် မြစ်တွင်း ဆိပ်ကမ်းတစ်ခုသာ ဖြစ်သည့် အတွက် အကန့်အသတ်များ ရှိလာနိုင်သဖြင့် လွယ်ကူစွာ ကုန်စည် ပို့ဆောင်နိုင်ရေး လက်ခုပ်ကုန်း ကမ်းခြေကို ပင်လယ်ဆိပ်ကမ်း အဖြစ် တည်ဆောက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီက ရန်ကုန်မြို့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်-ဒလ တံတားစီမံကိန်း၊ ရန်ကုန်မြို့ တောင်ဘက်ခြမ်း ဖွံ့ဖြိုးရေး စီမံကိန်းနှင့် ပဲခူး ဟံသာဝတီ လေဆိပ် စီမံကိန်း တို့အတွက် မဟာဗျူဟာ စီမံကိန်း ရေးဆွဲလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment