Pages

Friday, September 30, 2016

FDA ၏ ပညာပေးလုပ်ငန်းများ လေးနှစ်ခန့် ရှိလာသော်လည်း ဆက်လက်ရောင်းချမှုများ ရှိနေ


ရန်ကုန် ၊ ၃၀-၉-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီးတွင် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန FDA မှ တားမြစ်ထားသည့် စားသောက်ကုန်များ၊ ဆိုးဆေး အသုံးပြုထားသည့် စားသောက်ကုန်များ ရောင်းချခြင်း မပြုရန် ၂၀၁၂ မှစတင်၍ အသိ ပညာပေး လုပ်ငန်းများ ဆောင်ရွက် နေသော်လည်း လက်ရှိအချိန်ထိ ရောင်းချမှုများ ရှိနေသေးကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းထံမှ သိရှိရသည်။

“ဝင်စစ်ရင်း အသိပညာပေးတာ လေးနှစ်ရှိပြီ။ အခုထိလည်း တွေ့နေတုန်းပဲ။ ရောင်းတဲ့သူ ကိုရော၊ စားသုံးသူရော အသိပညာပေးတာ ပိုမိုထိထိ ရောက်ရောက် လုပ်သင့်ပြီ ထင်တယ်။”ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ အဖွဲ့ဝင် ဦးဝင်းမြင့် က ပြောသည်။ FDA အနေဖြင့်လည်း အရပ်ဖက် အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သင့်ပြီး အသိပညာ ပေးမှုများကို ပိုမိုထိရောက်စွာ လုပ်ဆောင်သင့်ကြောင်း ဦးဝင်းမြင့်က ဆက်ပြောသည်။ 

တားမြစ်ထားသည့် အစားအသောက် များကို ၂၀၁၃၊ ၂၀၁၄ ခုနှစ်ကပင် အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲဦးစီး ဌာနမှ နိုင်ငံပိုင် သတင်းမီဒီယာ များတွင် ကြေညာခြင်းများ ပြုလုပ်ခဲ့ပြီး အသိပညာ ပေးမှုများကိုလည်း ပြုလုပ်ခဲ့ ကြောင်း အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန FDA မှ သိရသည်။ လက်ရှိတားမြစ် ထားသည့် မုန့်များမှာ တရုတ်စာတန်းထိုး လေဖောင်းမုန့်၊ ဆီကြော်မုန့်၊ စုပ်လုံး၊ စုပ်ပြား၊ ဂျယ်လီ များပါဝင်ပြီး အမျိုး ၂၀ ဝန်းကျင် ပါဝင်ပြီး ဆိုးဆေး အသုံးပြုထားသည့် စားသောက်ကုန် များကိုလည်း တားမြစ် ထားခြင်းဖြစ်သည်။

စားသုံးသူ ကာကွယ်ပေးရေး ဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြဌာန်းထား သော်လည်း လက်ရှိအချိန်ထိ နည်းဥပဒေ မထွက်ရှိ ခြင်းကြောင့် အရေးယူမှု အပိုင်းတွင် အခက်အခဲများ ရှိနေခြင်းဖြစ်ကာ အသိပညာ ပေးမှုများ ကိုသာ ဦးစားပေး လုပ်ဆောင် နေရခြင်း ဖြစ်သည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment