Pages

Tuesday, September 27, 2016

အောက်တိုဘာလမှစ၍ ချောင်းသာကမ်းခြေ၌ ဆိုင်ကယ်နှင့် လေးဘီးစက်တပ်ယာဉ်များ စီးနင်းခြင်းကို တားမြစ်သွားမည်



ပုသိမ် ၊ ၂၆-၉-၂၀၁၆

လာမည့် ပွင့်လင်းရာသီ ဖြစ်သော အောက်တိုဘာလ မှစ၍ ချောင်းသာ ကမ်းခြေ၌ ကမ်းခြေ သာယာလှပ ရေးနှင့် အပန်းဖြေ သူများ အနှောင့်အယှက် မဖြစ်စေရေး အတွက် ဆိုင်ကယ်နှင့် လေးဘီး စက်တပ်ယာဉ်များ စီးနင်းခြင်း တို့ကို တားမြစ်သွားမည် ဖြစ်ကြောင်း ချောင်းသာ ဟိုတယ်ဇုန် အတွင်းရေးမှူး ဦးမင်းကျော်ဦး ထံမှ သိရသည်။

ကမ်းခြေ၌ ဆိုင်ကယ်စီးခြင်း၊ လေးဘီး စက်တပ်ယာဉ် စီးခြင်းတို့ကို တားမြစ်မည့် အပြင် ကမ်းခြေ၌ ထိုင်ခုံများချကာ ဈေးရောင်းချခြင်း  နှင့် အရက်သေစာ၊ မူးယစ်ဆေးဝါးများ ရောင်းချခြင်း တို့သည်လည်း ကမ်းခြေ အလှအပကို ထိခိုက်စေပြီး အများ ပြည်သူအား အနှောင့်အယှက် ဖြစ်စေ၍ တားမြစ်မည် ဖြစ်ကြောင်း သိရသည်။

''ဆိုင်ကယ်တွေ၊ လေးဘီး စက်တပ်ယာဉ် တွေက အများပြည်သူ အပန်းဖြေမှုကို ထိခိုက် စေတဲ့အတွက် ကမ်းခြေမှာ စီးနင်းခွင့် ပေးတော့မှာ မဟုတ်ပါဘူး။ မြင်းစီးတာနဲ့ ပတ်သက်ပြီး တော့လည်း ဘယ်လိုပုံစံနဲ့ ခွင့်ပြု
သွားမလဲဆိုတာ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ စက်ဘီးကတော့ စီးခွင့်ပေးသွား မှာပါ။ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေ၊ အထမ်းနဲ့ ရောင်းတဲ့ ဈေးသည်တွေ ကလွဲရင် တခြား ဈေးသည် အားလုံးကို ရောင်းချခွင့် ပြုမှာ မဟုတ်တော့ပါဘူး။ အထူးသဖြင့် အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါး ရောင်းချတာ တွေကို လည်း အဓိက တားမြစ်သွား မှာပါ'' ဟု ဦးမင်းကျော်ဦး ကပြောသည်။

စက်တင်ဘာလ တတိယပတ် အတွင်းက ချောင်းသာကမ်းခြေ သာယာလှပရေး နှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို သုံးရက်ကြာ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့ မှ တာဝန်ရှိ သူများ၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ဟိုတယ်ဇုန်မှ တာဝန်ရှိ သူများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ဒေသခံ ပြည်သူများ တက်ရောက် ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment