Pages

Monday, September 26, 2016

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဘုရားစေတီပုထိုးများရှိ နံရံဆေးရေးပန်းချီများကို ထိန်းသိမ်းရန် ကျွမ်းကျင်လုပ်သားများ လိုအပ်နေ



ညောင်ဦး ၊ ၂၆-၉-၂၀၁၆

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဘုရားစေတီ ပုထိုးများရှိ ရှေးဟောင်း အမွေအနှစ် နံရံဆေးရေး ပန်းချီများကို ထိန်းသိမ်းရန် ကျွမ်းကျင် လုပ်သားများ လိုအပ် နေကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ ယဉ်ကျေးမှု ဆိုင်ရာ အစီအစဉ် အရာရှိ ဒေါ်ဥမ္မာမျိုး ထံမှ သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း၌ သြဂုတ်လ အတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်းရှိ ဘုရားစေတီ ပုထိုးများ အပါအဝင် နံရံဆေးရေး ပန်းချီများ ထိခိုက်ပျက်စီး ခဲ့သောကြောင့် ပြုပြင်ရန် လိုအပ်လျက် ရှိရာ ယင်းနံရံဆေးရေး ပန်းချီများကို ထိန်းသိမ်းရန် ရှေးဟောင်း သုတေသန ဦးစီးဌာနက ဝန်ထမ်း ၁၅ ဦးခန့်သာ ပေးနိုင်ကြောင်း သိရသည်။

''ပုဂံဒေသ စီမံကွပ်ကဲရေးမှာ အခုထိ အစီအစဉ် ကျတဲ့ စီမံခန့်ခွဲမှု မရှိသေးပါဘူး။ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေမှာ ရှေးဟောင်း အမွေအနှစ်နဲ့ ပတ်သက်တဲ့ သင်တန်း ကျောင်းတွေ ဖွင့်ဖို့ လိုအပ်ပါတယ်။ အခုဆို နံရံဆေးရေး ပန်းချီတွေကို ထိန်းသိမ်းဖို့ ရှေးဟောင်း သုတေသန ဦးစီးဌာန ကလည်း ဝန်ထမ်း ၁၅ ဦးလောက်ပဲ ပေးနိုင်တယ်။ ဒီအင်အားနဲ့ ဆိုရင် ဘုရားစေတီ ပုထိုးပေါင်း ၄ဝဝဝ ကျော်ကို ထိန်းသိမ်းဖို့ သုံးနှစ်လောက် ကြာသွားမယ်။ ဒေသခံတွေရဲ့ အင်အား မပါဘဲ မရနိုင်ဘူး'' ဟု ဒေါ်ဥမ္မာမျိုး က ပြောသည်။

ထို့ပြင် ရှေးဟောင်း အမွေအနှစ် များနှင့် ပတ်သက်၍ နိုင်ငံတော်အဆင့် မူဝါဒရှိရန် လိုအပ် သကဲ့သို့ လုပ်ငန်း ဖော်ဆောင်သည့် အပိုင်းတွင်လည်း ကျွမ်းကျင် လုပ်သားများ လိုအပ်နေကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment