Pages

Monday, August 22, 2016

အိန္ဒိယအစိုးရတပ် နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN(K) တို့ မြန်မာနိုင်ငံ နယ်နိမတ်အတွင်း တိုက်ပွဲဖြစ်ပွား ခဲ့သည့်ဟု မီဒီယာအချို့က မှားယွင်းဖော်ပြခဲ့မှုနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်



နေပြည်တော် ၊ ၂၂-၈-၂၀၁၆

မြန်မာနိုင်ငံ နယ်စပ်တွင် သြဂုတ်လ ၁၉ ရက်နေ့က အိန္ဒိယ အစိုးရတပ်နှင့် နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ NSCN(K) တို့ ၃ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အိန္ဒိယ အစိုးရတပ်က ထိခိုက် အကျအဆုံး များကြောင်း၊ အနည်းဆုံး လူ ၃ဝ ခန့်ရှိသည့် အိန္ဒိယ အစိုးရတပ် များက မြန်မာနိုင်ငံ ဧရိယာအတွင်းထိ ဝင်ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရ တပ်ဖွဲ့များသည် လေထီး တပ်သား ၁၂ ဦးကို အရင်ဝင်ရောက် ပြီးမှ ကျန် မြေပြင်တပ်က မြန်မာနိုင်ငံ အတွင်း ဝင်ရောက် လာကြောင်း စသည်ဖြင့် အိန္ဒိယအစိုးရ၏ တပ်က မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း စစ်ဆင်ရေး တစ်ခုပြုလုပ် ခဲ့ကြောင်း၊ နာဂတပ်ဖွဲ့က ထုတ်ပြန်သည့် သတင်းဇာစ်မြစ် ကို ကိုးကား၍ ပြည်တွင်း အင်တာနက် သတင်းနှင့် အိန္ဒိယ သတင်းမီဒီယာ အချို့က ရေးသားဖော်ပြ ခဲ့သည်ကို စိစစ်တွေ့ရှိ ရပါသည်။

မြေပြင်သတင်း စိစစ်ချက်များ အရ သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၃ဝ မိနစ်မှ ၉ နာရီအထိ NSCN(K) အဖွဲ့နှင့် NSCN(M) အဖွဲ့တို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် နယ်နိမိတ် မှတ်တိုင်အမှတ် ၁၅၁ ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ အိန္ဒိယနိုင်ငံ အတွင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားရကြောင်း၊ ရွှေလောကျေးရွာ ခန့်မှန်းမြေပုံညွှန်း (GE-၁၄၈၃၆ဝ) အုပ်ချုပ်ရေးမှူး က ယမ်းကြုံးကျေးရွာ ခန့်မှန်း မြေပုံညွှန်း (GE-၂၅၇၄၁၅) ရှိ တပ်မတော် စစ်ကြောင်းထံသို့ သတင်းပေးပို့ ခဲ့ပါသည်။ သတင်းရရှိလျှင် ရရှိချင်း နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး ကျယ်ပြန့်စွာ လှုပ်ရှားနေသည့် တပ်မတော် စစ်ကြောင်းများ မှလည်း မိမိနယ်မြေ အလိုက် တစ်ဖက်နိုင်ငံမှ လက်နက်ကိုင် အဖွဲ့အစည်းများ ဝင်ရောက်လာမှု မရှိစေရေး ပိတ်ဆို့ထားပြီး စောင့်ကြည့်လျက် ရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် ပတ်သက်၍ မိမိနိုင်ငံကို အခြေပြုကာ တစ်ဖက်နိုင်ငံ အစိုးရကို နှောင့်ယှက် ဖျက်ဆီးသည့် မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကို မဆို နယ်မြေ အသုံးချခွင့် မပြုကြောင်း၊ အားမပေးကြောင်း၊ လက်မခံကြောင်း တို့အား နှစ်နိုင်ငံ တပ်မတော် ခေါင်းဆောင်များ အချင်းချင်း တွေ့ဆုံ ဆွေးနွေးစဉ် တိုင်းတွင် အလေးအနက် ထား ပြောကြားလျက် ရှိပါသည်။ ၄င်းအပြင် မြန်မာ့တပ်မတော် အနေဖြင့် လည်း နှစ်နိုင်ငံ တပ်မတော် အချင်းချင်း နယ်စပ်တပ်စခန်း အဆင့် ဆွေးနွေးပွဲများ ပြုလုပ်၍ တပ်မတော် အချင်းချင်း မိမိနယ်မြေ အလိုက် အပြိုင် ကင်းလှည့်ခြင်း၊ သတင်း ဖလှယ်၍ အထောက်အကူ ပြုဆောင်ရွက်ခြင်း များလည်း ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။

သို့ဖြစ်ပါ၍ အိန္ဒိယ အစိုးရတပ်နှင့် နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ NSCN(K) တို့ မိမိနိုင်ငံနယ် နိမိတ်အတွင်း တိုက်ပွဲဖြစ်ပွား ခဲ့သည့် သတင်းမှာ မှန်ကန်မှု မရှိကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment