Pages

Monday, August 15, 2016

ချင်းပြည်နယ်၌ မြေငလျင်ကာကွယ်ရေး လုပ်ငန်းများ ကြိုတင်လုပ်ကိုင်ရန် လိုအပ်



ဟားခါး ၊ ၁၅-၈-၂၀၁၆

အမေရိကန် နိုင်ငံမှ ဘူမိဗေဒ ပညာရှင်များ၏ လေ့လာချက်များ အရ ယခုနှစ်ထဲတွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ချင်းပြည်နယ် တို့၌ အင်အားပြင်း ငလျင်တစ်ခု အချိန်မရွေး လှုပ်ခတ်နိုင် သောကြောင့် လက်ရှိတွင် ချင်းပြည်နယ် အတွင်း၌ မြေငလျင် ကာကွယ်ရေး လုပ်ငန်းများ ကြိုတင် လုပ်ကိုင်ရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံ မြေငလျင်အသင်း အကြီးတန်း သုတေသန ပညာရှင် ဒေါ်လှလှအောင် ထံမှ သိရသည်။

''မြေငလျင်ကြီး ဖြစ်ပေါ်နိုင်တဲ့ အခြေအနေ ရှိတာကြောင့် ချင်းပြည်နယ် အတွင်း လက်ရှိ Short time plan, Long time plan တွေနဲ့ ပြင်ဆင်သင့် တာတွေ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဥပမာ- အိမ်တွေကို ခိုင်ခံ့အောင် ဆောက်ရမယ်။ တောင်ပေါ်က ငလျင်အရှိန် ကြောင့် ကျလာနိုင်တဲ့ ရေလမ်းကြောင်း တွေကို ပြောင်းပေး တာမျိုးတွေ ကြိုတင် ပြင်ဆင်ပြီး လုပ်ရမှာပါ။ အသင်းအနေနဲ့ ကတော့ ချင်းပြည်နယ် မှာ နေထိုင်တဲ့ ပြည်သူတွေ အန္တရာယ် ကင်းအောင် သက်ဆိုင်ရာ တာဝန်ရှိသူ တွေကို ကြိုတင် ကာကွယ်မှုတွေ လုပ်ဖို့ တိုက်တွန်းထား ပါတယ်'' ဟု ဒေါ်လှလှအောင် က ပြောသည်။

ယင်းဒေသ၌ အင်အားပြင်းသော မြေငလျင်များ လှုပ်ခတ်နိုင်ခြေ များသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူ များက မြေငလျင် ကာကွယ်ရေး လုပ်ငန်းများ မဖြစ်မနေ လုပ်ကိုင်ရန် လိုအပ်နေပြီ ဖြစ်သည်။ ချင်းပြည်နယ် အတွင်းရှိ ပြည်သူတချို့မှာ အဆိုပါ သတင်းကြောင့် တခြားမြို့များသို့ ပြောင်းရွှေ့ နေထိုင်မှုများ ရှိသကဲ့သို့ တချို့မှာလည်း ကြိုတင် ကာကွယ်မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ချင်းပြည်နယ် အတွင်း၌ မြေငလျင်ကြီး လှုပ်ခတ်နိုင်သည့် သတင်းကို အမေရိကန် နိုင်ငံမှ မြေငလျင် ပညာရှင် မိုက်ကယ် စကယ်လာ က မြန်မာနိုင်ငံနှင့် ဆိုင်သည့် မှတ်တမ်းများကို ၂ဝဝ၃ ခုနှစ်မှစပြီး လက်ရှိ အချိန်ထိ ၁ဝ နှစ်ကျော် မှတ်တမ်းများ ရယူကာ တွက်ချက်ပြီးမှ ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment