Pages

Monday, August 1, 2016

မြန်မာ့ကြယ်လိပ်များကို တရားမ၀င် ရောင်းဝယ်ပါက ထောင်ဒဏ်နှင့်ငွေဒဏ် နှစ်ရပ်စလုံးကျခံရမည်



ရန်ကုန် ၊ ၁-၈-၂၀၁၆

မြန်မာနိုင်ငံ အတွင်း၌သာ ရှိသည့် မြန်မာ့ ကြယ်လိပ်သည် လူသားများ အတွက် အကျိုးပြုသော သတ္တဝါဖြစ်သည့် အတွက် သစ်တောဥပဒေ အရ ကာကွယ်ပေးထားပြီး တရားမဝင် ရောင်းဝယ်သည်ကို တွေ့ရှိပါက ထောင်ဒဏ် ခုနစ်နှစ်နှင့် ငွေကျပ် ၅ဝဝဝဝ နှစ်ရပ်စလုံး ကျခံရမည် ဖြစ်ကြောင်း လိပ်မျိုးဆက် ရှင်သန် ထိန်းသိမ်းရေး အဖွဲ့မှ ဌာနေ ကိုယ်စားလှယ် ဒေါက်တာ ကလျာ က ပြောသည်။

အဆိုပါကြယ်လိပ် များသည် ရှေ့တည့်တည့်မှ ကြည့်ပါက ကြယ်ပုံစံပေါ်လွင် နေပြီး လှပသည့် ပုံစံရှိသည်။ အဆိုပါ လိပ်များသည် ပူပြင်း ခြောက်သွေ့ သည့် မြန်မာနိုင်ငံ အလယ်ပိုင်း၌ နေထိုင်ကာ ယခင်က ပေါများခဲ့ သော်လည်း ယခုအခါ တရားမဝင် ရောင်းဝယ်မှု များကြောင့် မျိုးသုဉ်း ပျောက်ကွယ်လု နီးပါး ဖြစ်နေကြောင်း သိရသည်။

ကြယ်လိပ်များကို သဘာဝ ဘေးမဲ့တော လေးခု၌ဖြန့်ပြီး ခြံလှောင် မွေးမြူရေး လုပ်ငန်းများ ပြုလုပ်ပေးလျက် ရှိသည်။ ကြယ်လိပ်များသည် အသက်ခြောက်နှစ် တွင် အရွယ်ရောက်ပြီး တစ်နှစ်လျှင် ပျမ်းမျှ အကောင်ရေ ၅ဝ နီးပါး ပေါက်ပွားနိုင်သည်။ ပိုးမွှားများနှင့် အသီးအနှံများကို စားပြီးပါက အစေ့များကို မစင်အဖြစ် စွန့်ပေး သောကြောင့် သဘာဝ ပတ်ဝန်းကျင်၌ အပင်များ ပေါများ လာစေရန် လုပ်ဆောင် ပေးသော သတ္တဝါဖြစ်သည့် အတွက် ယင်း ကြယ်လိပ်များကို ထိန်းသိမ်း ရခြင်းဖြစ်သည်။ မြန်မာ့ကြယ်လိပ် များကို ယခုနှစ်တွင် ရွှေစက်တော် ဘေးမဲ့တော ၌ လွှတ်ပေးထားပြီး ရွှေစက်တော် ဘေးမဲ့တော ဥယျာဉ်၌ ကြယ်လိပ် ၄ဝ၇ ကောင်ကို ကျန်းမာရေး စောင့်ရှောက်မှု များ ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လိပ်မျိုးစိတ်ပေါင်း ၂၆ မျိုးရှိပြီး ကြယ်လိပ် အပါအဝင် လိပ်မျိုးစိတ် ရှစ်မျိုးသည် မျိုးသုဉ်းလုနီးပါး ဖြစ်နေကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment